မုံရွာရဲစခန်းမှာ အဖမ်းခံရထားသူ ၂၀၀ ဝန်းကျင် ၁ နှစ်ကျော်ကြာတဲ့အထိ တရားရင်ဆိုင်ခွင့်မရသေး

မုံရွာရဲစခန်းမှာ အဖမ်းခံရထားသူ ၂၀၀ ဝန်းကျင် ၁ နှစ်ကျော်ကြာတဲ့အထိ တရားရင်ဆိုင်ခွင့်မရသေး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြို့မရဲစခန်းမှာ ဖမ်းဆီးခံထားရသူ ၂၀၀ ဝန်းကျင်ဟာ ၁ နှစ်ကျော်ကြာတဲ့အထိ တရားမရင်ဆိုင်ရသေးဘူးလို့ ဖေဖော်ဝါရီလ ၂၇ ရက်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသား များကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

မုံရွာမြို့မရဲစခန်းအတွင်းမှာ ပုဒ်မ မတပ်၊ တရားမစွဲဘဲ နိုင်ငံရေးနဲ့ဆက်စပ်နေသူတွေလို့ဆိုကာ ဖမ်းဆီးခံထားရသူ ၂၀၀ ကျော်ရှိနေပြီး ရဲဘက်က အမှုဖွင့်တရားစွဲတာမရှိသလို တရားရုံးတက် တရားရင်ဆိုင်ရတာတွေလည်းမရှိဘဲ မိသားစုဝင်တွေနဲ့လည်း တွေ့ခွင့်မရဘူးလို့ ဆိုပါတယ်။

"အချုပ်ခန်းရဲ့ လူဝင်ဆံ့နိုင်တဲ့ပမာဏထက် ဖမ်းဆီးထားသူတွေက များနေတယ်။ ရဲ ရဲ့လုပ်ထုံးလုပ်နည်း ထက်ကျော်ပြီး လူတွေကိုဖမ်းပြီး မတရားချုပ်နှောင်ထားတယ်ဆိုတဲ့သဘောပဲ။ သူတို့တွေအတွက်က လူ့အခွင့်အရေးကို ဗြောင်ကျကျချိုးဖောက်ခံနေရတာဖြစ်လို့ စိုးရိမ်ရတယ်"လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) တာဝန်ရှိသူကပြောပါတယ်။

အဖမ်းခံထားရသူတွေထဲမှာ PDF အဖွဲ့ဝင်တွေ၊ PDF တွေနဲ့ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခံရသူ၊ ဖုန်းစစ်ဆေးချိန် နိုင်ငံရေးနဲ့ပတ်သက်ပြီး ရေးသားထားတာ၊ တဆင့်ရှယ်ထားသူတွေ၊ ထောက်ပို့တွေပါဝင်ပြီး အများစုကိုတော့ ဘာကြောင့်အဖမ်းခံရလည်းဆိုတာ မသိရသေးပါဘူး။ 

အများစုက လူမသိသူမသိ ဖမ်းဆီးခံထားရသူတွေဖြစ်ပြီး တရားဝင်လည်း တရားရင်ဆိုင်ရတာမျိုး မရှိတာကြောင့် စစ်သားနဲ့  ရဲတွေရဲ့မတရားညှင်းပန်းနှိပ်စက်တာတွေရှိလာမှာ စိုးရိမ်ရတယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

အကျဥ်းထောင်တွေမှာ အကျဥ်းကျနေတဲ့ထောင်သားတွေအနေနဲ့ ထောင်စည်းကမ်းချက်အတိုင်း ပြင်ပက မိသားစုဝင်တွေနဲ့ တလတကြိမ်သာ ထောင်ဝင်စာတွေ့ရသလို ထောင်က သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ အစားအသောက်ဆေးဝါးတွေပေးခွင့်ရပြီး လူချင်းတွေ့ဆုံစကားပြောလို့ရပါတယ်။ ရဲစခန်းအချုပ်တွေမှာတော့ အစားအသောက်တွေသာ မိသားစုဝင်တွေက ပေးခွင့်ရပြီး လူချင်းတွေ့ဆုံစကားပြောခွင့်မရှိပါဘူး။

လက်ရှိ မုံရွာရဲစခန်းမှာ ဖမ်းခံထားရသူတွေထဲက ရဲစခန်းမှာဖမ်းခံထားရကြောင်းသိရှိတဲ့ မိသားစုဝင်တွေကတော့ ဖမ်းခံထားရသူတွေဆီ အစားအသောက်ပေးပို့ခွင့်ရပြီး အဖမ်းခံထားရကြောင်းကို မသိရတဲ့ မိသားစုဝင်တွေလည်းရှိနေပါတယ်။

အဖမ်းခံထားရသူတွေထဲမှာ အသက် ၁၄ နှစ်မှ ၁၈ နှစ်ကြား ကလေးသူငယ် ၂၀ ဦးလည်း ပါဝင်ပါတယ်။ 

လက်ရှိ ရဲစခန်းအချုပ်ဆောင်မှာ အစားအသောက်လုံလောက်စွာ ရရှိခွင့်၊ တလကိုတကြိမ် မိသားစုနဲ့ တွေ့ဆုံခွင့်(ဧည့်တွေ့ခွင့်)၊ လုံလောက်တဲ့ဆေးဝါး စောင့်ရှောက်မှုလည်း မရှိဘူးလို့ ဆိုပါတယ်။ 

ဒါ့အပြင် ရဲဝန်ထမ်းတွေဖြစ်တဲ့ တာဝန်မှူးဝေဝေမြင့်၊ မို့မို့လွင်နဲ့ ဂတ်စာရေး ချစ်ညိုညိုတို့ဟာ   အမျိုးသမီးအချုပ်ခန်းတွေကို အမြဲလာရောက်ပြီး ဆဲဆိုကြိမ်းမောင်းတာတွေလည်း လုပ်နေတယ်လို့ သိရပါတယ်။   

မုံရွာမြို့မရဲစခန်းအတွင်းမှာ နိုင်ငံရေးအမှုနဲ့ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးထားသူ ၂၀၀ ကျော်နဲ့ အခြားရာဇဝတ်အမှုတွေနဲ့ ဖမ်းဆီးခံထားရသူ ၁၅၀ စုစုပေါင်း ၃၅၀ ဦးလောက် ရှိနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) တာဝန်ရှိသူဆီက သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #ဖမ်းဆီး #အချုပ်သား #တရားရင်ဆိုင်ခွင့်မရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10