မုံရွာ-ချောင်းဦးကားလမ်းဘေးမှာ စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်လို့ အမျိုးသမီးတဦး သေဆုံး

မုံရွာ-ချောင်းဦးကားလမ်းဘေးမှာ စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်လို့ အမျိုးသမီးတဦး သေဆုံး

စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို လိုက်လံပစ်ခတ်တဲ့ကျည်ထိမှန်ပြီး အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ 

ဖေဖော်ဝါရီ ၄ ရက် နေ့လယ် ၁၂ နာရီကျော်ခန့်မှာ စစ်ကိုင်းမြို့ အခြေစိုက် တပ်မ ၃၃ ကနေ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ထွက်ခွာလာတဲ့သံပြားကာ Jammer ကား ၄ စီးကို မုံရွာ-ချောင်းဦးလမ်းပိုင်းတနေရာမှာ ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ချိန် ဒုတိယ မြောက်ကား ၁ စီးမှာ ကားခေါင်းပိုင်းကိုထိမှန်ပြီး လမ်းဘေးကိုထိုးရပ်သွားခဲ့ပါတယ်။ 

သံပြားကာ Jammer ကားတွေမိုင်းဆွဲခံရပြီးနောက် မုံရွာ-ချောင်းဦးကားလမ်းမတလျောက် လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မိုင်းဆွဲလိုက်တဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို မြင်တွေ့သွားပြီး လိုက်လံပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ 

"လုံခြုံရေး ကင်း စကစ တွေက လက်နက်ငယ်တွေနဲ့ မိုင်းဆွဲရဲဘော်တွေကို တွေ့မြင်သွားပြီး  နောက်ကနေ တောက်လျှောက် လိုက်လံပစ်ခတ်လို့ အသက်လုပြေးခဲ့ရတယ်"လို့ Area 71  PDF Monywa မှတာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လက်နက်ငယ်တွေနဲ့ နာရီဝက်ခန့်အကြာ ပစ်ခတ်ခဲ့တာကြောင့် မုံရွာ-ချောင်းဦးကားလမ်းဘေးရှိ ကြေးမုံရွာက အသက် ၁၈ နှစ်အရွယ် အမျိုးသမီး ၁ ဦး ကျည်ထိမှန်သေဆုံးခဲ့ကာ သေဆုံးသူရဲ့နာမည်ကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။ 

"မိန်းကလေးက ခေါင်း ကျည်မှန်တာ။ နောက်ကျောဘက်ကနေ ဖောက်ထွက်သွားတာ။ပွဲချင်းပြီးပဲ။ သူ့အိမ်မှာ သူနေနေတာ"လို့ Area 71PDF Monywaမှတာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ပြည်သူတဦးကျည်ထိမှန်သေဆုံးခဲ့တာကို သိရတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ မိသားစုနဲ့ထပ်တူကြေကွဲဝမ်းနည်းရတယ်လို့ Area 71 PDF Monywa တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။ 

စာတည်း - ကိုချမ်း 

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မုံရွာ #နမခ #မိုင်းဆွဲ #Area71Monywa #သံပြားကာ #လုံခြုံရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10