သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦးလမ်းပိုင်းက နတ်ရေကန်ကျေးရွာနားမှာ စစ်ကောင်စီက ခရီးသွားကားတွေကိုတားပြီး ကားပေါ်မှာပါလာတဲ့ အမျိုးသားတွေကို လက်နက်နဲ့ကခြိမ်းခြောက်ကာ မိုင်းရှာခိုင်းတယ်လို့ ခရီးသွားပြည်သူတွေဆီကနေ သိရပါတယ်။
ဒီဇင်ဘာ ၂၃၊ မနေ့ ညနေ ၄ နာရီဝန်းကျင်က ချောင်းဦးမြို့နယ်၊ နတ်ရေကန်ရွာနားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မန္တလေးကနေ မုံရွာဘက်ကို မောင်းနှင်လာတဲ့ အံစာတုန်းကား ၂ စီးနဲ့ မှန်လုံတင်ကား ၁ စီးကို တားပြီး အဲ့ဒီကားပေါ်မှာပါလာတဲ့ အမျိုးသား ၂၅ ယောက်ကို မိုင်းရှာခိုင်းခဲ့တာလို့ ဆိုပါတယ်။
"မိုင်းကဖြင့် အများကြီးမရှိတော့ပါဘူး။ အခုက ကတ်ကြေးကိုင်ရတဲ့သူက ကိုင်ပြီး မိုင်းကြိုးတွေ တွေ့ရင် ညှပ်ခိုင်းတယ်။ ကတ်ကြေး မရလိုက်တဲ့သူက လမ်းဘေးခြုံထဲက ဒုတ်ကောက်ခိုင်းပြီး မိုင်းရှာထွက်ရတာ။ မိုင်းစမ်းမိရင် သူတို့ကိုပြောတဲ့ စမ်းမိရက်နဲ့ မပြောဘဲနေရင် သူတို့သိတာနဲ့ ပစ်သတ်မယ်လို့က ပြောသေးတာ။"လို့ ကိုယ်တိုင် မိုင်းရှင်းလင်းခဲ့ရတဲ့ အမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။
မိုင်းရှာခဲ့ရတဲ့ အမျိုးသား ၂၅ ယောက်ဟာ အသက် ၁၇ နှစ်ကနေ ၄၀ အတွင်းတွေဖြစ်ပြီး တော်လှန်ရေးအဖွဲ့တွေဘက်က ထောင်ထားတဲ့ မိုင်းတွေကို နတ်ရေကန်ရွာကနေ ငါးယှန်ကျေးရွာနားထိ ၁နာရီကျော် ခြေလျင်လျှောက်ပြီး ရှာပေးခဲ့ရတယ်လို့ သိရပါတယ်။
အရပ်သားပြည်သူတွေကိုတော့ လူသားဒိုင်းအဖြစ် အသုံးပြုကာ အကာအကွယ်မပါဘဲ မိုင်းရှင်းလင်းခိုင်းခဲ့ပေမယ့် လက်နက်ကိုင် စစ်သားတွေကတော့ မိုင်းရှင်းလင်းနေသူတွေနဲ့ ကိုက် ၃၀ ဝန်းကျင် အကွာကနေသာ သေနတ်ထမ်းပြီး လိုက်ကြတယ်လို့ သူက ဆက်ပြောပါတယ်။
၁ နာရီကျော် မိုင်းရှာဖွေပြီးတဲ့နောက် စုစုပေါင်း မိုင်း ၁၀ လုံးကျော်တွေ့ခဲ့ပြီး လူထိခိုက်မှုမရှိဘူးလို့ ကိုယ်တိုင်မိုင်းရှာပေးခဲ့ရသူက ပြောပါတယ်။
သက်ကြီးရွယ်အို၊ ကလေးငယ်နဲ့ အမျိုးသမီးတွေကိုတော့ မိုင်းရှင်းလင်းခိုင်းတာမျိုး မရှိဘဲ အမျိုးသားတွေကိုတော့ မိုင်းရှာပြီးတာနဲ့ သက်ဆိုင်ရာ ကားတွေဆီကို ခြေလျင်လျှောက်ခိုင်းကာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ဒုတိယပတ်ကလည်း မအူဂိတ်၊ မြပုလဲဂိတ်၊ နတ်ရေကန်ဂိတ်နဲ့ စွမ်းရည်ထက်ဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ ခရီးသွားနေတဲ့ အမျိုးသားတွေကို ဖမ်းဆီးပြီး မိုင်းရှင်းလင်းခိုင်းခဲ့သေးတယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။
ပုံစာ - ခရီးသွားပြည်သူတွေ ရှာဖွေတွေ့ရှိတဲ့ မိုင်းတွေ။ (ပုံဟောင်း)
သတင်း - ခေတ်သဒ္ဒါ၊ စာတည်း - JCG
#မြေလတ်အသံ
#စစ်ကိုင်း #မုံရွာ #စစ်ကောင်စီ #ပြည်သူ #မိုင်း
Share Share Share