မုံရွာ တောင်ဇက်ဆိပ်မှာ ဗုံးကွဲပြီး စည်ပင်ဝန်ထမ်း ၁ ဦးသေ

မုံရွာ တောင်ဇက်ဆိပ်မှာ ဗုံးကွဲပြီး စည်ပင်ဝန်ထမ်း ၁ ဦးသေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက် ကမ်းနားလမ်းရှိ မုံရွာတောင်ဇက်ဆိပ်မှာ ဗုံးခွဲခံရတာကြောင့် စည်ပင်ဝန်ထမ်း ၁ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၂၅ ရက် ညနေ ၃ နာရီလောက်မှာ မုံရွာတောင်ဇက်ဆိပ်အနီး မုံရွာမြို့နယ် စည်ပင်သာယာရေးကော်မတီဝင်တွေနဲ့ စည်ပင်ဝန်ထမ်းတွေရှိနေချိန် အမျိုးသား ၁ ဦးက ဆိုင်ကယ်နဲ့လာပြီး ဗုံးပစ်သွားတယ်လို့ ဆိုပါတယ်။

"အကုန်လုံးကတော့ အရပ်ဝတ်တွေနဲ့ရှိနေချိန် ဗုံးလာပစ်သွားတာ။ စည်ပင်ဝန်ထမ်းတွေကို ပစ်မှတ်ထားပြီး ပစ်သွားတာနဲ့တူတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် စည်ပင်ဝန်ထမ်း စည်းကမ်းထိန်းသိမ်းရေး-၅ ဖြစ်သူ အသက် ၃၆ နှစ်အရွယ် ဦးမင်းသိုက် က နေရာတင် သေဆုံးခဲ့ပြီး ကျန်ဝန်ထမ်းတွေဖြစ်တဲ့ ဦးအောင်သော်လင်း ၃၇ နှစ်၊ ဦးကျော်မိုးခိုင် ၄၂ နှစ်၊ ကိုလွင် ၄၈ နှစ်၊ ကိုမင်းခန့်နိုင် ၂၀ နှစ်၊ ဦးကျော်ကျော်လွင် ၄၈ နှစ်နဲ့ ဒေါ်ထားဆင့် ၅၄ နှစ်တို့ ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ 

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသွားသူတွေကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေက မုံရွာဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းက ဘာကြောင့်လုပ်ဆောင်တယ်ဆိုတာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဇူလိုင် ၁၄ ရက် ညနေ ၅ နာရီလောက်မှာလည်း မုံရွာမြို့၊ အင်းရွာသစ်ရပ်ကွက်မှာနေထိုင်တဲ့ ယင်းမာပင်ခရိုင် ပညာရေးမှူး အသက် ၆၀ အရွယ် ဒေါ်သီတာချိုလည်း ကျောင်းကနေ အိမ်ပြန်လာချိန် သူရဲ့နေအိမ်အနီးမှာ လက်နက်ကိုင်အဖွဲ့တခုရဲ့ ပစ်ခတ်တာကို ခံရပြီး သေဆုံးခဲ့ပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #ဇက်ဆိပ် #စည်ပင်သာယာ #ဗုံးခွဲခံရ #သေဆုံး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10