မုံရွာ နမခက ရိက္ခာတင်ယာဥ်တန်း မိုင်းဆွဲခံရ

မုံရွာ နမခက ရိက္ခာတင်ယာဥ်တန်း မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကလာတဲ့ စစ်ကောင်စီရိက္ခာတင် ယာဥ်တန်းကို ဖေဖော်ဝါရီ ၁၇ ရက်မနေ့ကညနေ ၄ နာရီကျော်မှာမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Royal Tiger Force ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

ရိက္ခာနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်လာတဲ့ သံပြားကာကား ၇ စီးကို ချောင်းဦးမြို့နယ်ထဲမှာ ပဒေသာမိုင်း ၁၅ လုံးနဲ့ ၃ ပွိုင့်ခွဲပြီးတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

“တတိယမြောက်ကားကိုတော့ ကျနော်တို့ထိထိမိမိ မိုင်းဆွဲနိုင်ခဲ့တယ်၊ စတုတ္ထမြောက်ကားလည်း ထိသွားတယ်၊ တတိယမြောက်ကားကတော့ ပျက်စီးသွားတဲ့အတွက် နတ်ရေကန်ဂိတ်မှာထားခဲ့တယ်၊” လို့ Royal Tiger Force ပြောက်ကျားတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ကား ၇ စီးထဲမှ ၆ စီးကတော့ စစ်ကိုင်းဘက်ကိုဆက်သွားပြီး မိုင်းမိတဲ့ ၁ စီးကတော့ နတ်ရေကန်စစ်ကောင်စီ ဂိတ်မှာပဲထားခဲ့တာလို့ ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးတယ်လို့သိရပေမယ့် ဒီသေဆုံးမှုနဲ့ပတ်သက်ပြီး မြေလတ်အသံကသီးခြားအတည်မပြုနိုင်သေးပါဘူး။ 

ဒီမိုင်းဆွဲတိုက်ခိုက်မှုကို Royal Tiger Force ပြောက်ကျားတပ်ဖွဲ့၊ မုံရွာခရိုင် အမှတ်၁၂ တပ်ရင်း တပ်ခွဲ ၃ လျှပ်စီးတပ်ခွဲ၊ မုံရွာခရိုင် အမှတ် ၁၅ တပ်ရင်း တပ်ခွဲ ၃၊ People Defense Force၊ Nway Oo Brothers Column (နွေဦးညီအကိုများစစ်ကြောင်း) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်ကလည်း မုံရွာမြို့ နမခ ကထွက်လာတဲ့ စစ်ကောင်စီသံပြားကာကား ၃ စီးကို Royal Tiger Force ပြောက်ကျားတပ်ဖွဲ့က ချောင်းဦးနဲ့ မြင်းမူကားလမ်းပိုင်းမှာ ဒရုန်းနဲ့ ဗုံးကြဲချခဲ့ရာ ၉ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့ပါသေးတယ်။

ပုံစာ - စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်နေစဥ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ချောင်းဦး #မုံရွာ #ယဥ်တန်း #တိုက်ခိုက်ခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10