မုံရွာ မန္တလေးလမ်းပေါ်မှာ စစ်လက်နက်ယာဉ်တန်း အကြိမ်ကြိမ်တိုက်ခိုက်ခံရလို့ အနည်းဆုံး ၆ဦးသေဆုံး( ရုပ်/သံ)

မုံရွာ နမခကိုသွားမယ့် စစ်ကောင်စီရဲ့ စစ်လက်နက်တွေသယ်လာတဲ့ ယာဉ်တန်းဟာ စစ်ကိုင်းတိုင်း မုံရွာ မန္တလေးလမ်းပေါ်မှာ အကြိမ်ကြိမ်တိုက်ခိုက်ခံရလို့ အနည်းဆုံး ၆ဦးသေဆုံးပြီး ကား ၃စီး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်း တပ်မ ၃၃ ကနေ မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို လက်နက်ခဲယမ်းတွေပို့မယ့် ကား ၃၁ စီးပါ ထောက်ပို့ယာဉ်တန်းကို မုံရွာ မန္တလေးလမ်းပေါ်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက နေရာအသီးသီးကနေ တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။


မေလ ၁၀ရက် မနက် ၆နာရီနဲ့ ညနေ ၃နာရီမှာ မြင်းမူမြို့နယ် ဂွေးပင်တောနဲ့ ဘိုးမင်းကြီးအကြားမှာ မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အပါအဝင် ၃ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

မြင်းမူမြို့နယ် အလ္လကပ္ပနဲ့ ဝမ်းပြည့်ကျေးရွာအကြားမှာလည်း ညနေ ၃နာရီနဲ့ ၄နာရီအချိန်တွေမှာ Black Eagle Defence Force-MMU နဲ့ မဟာမိတ်အဖွဲ့တွေက ပဒေသာမိုင်းတွေအပြင် တဖက်ပွင့်ပြောင်းတွေနဲ့ပါ တိုက်ခိုက်ခဲ့ကြပါတယ်။

ချောင်းဦးမြို့အရှေ့တောင်အထွက်မှာလည်း ညနေ ၃နာရီအချိန်မှာ RPG-7 အပါ လက်နက်တွေနဲ့ 11 Brother Revolution Force (11BRF) Myaungအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။

အဲ့ဒီ ကား ၃၁ စီးဟာ ၁၄ စီးတခါ ၁၇ စီးတခါ တပ်မ ၃၃ ထဲကနေ ၂ကြိမ်ခွဲထွက်ပြီး မုံရွာ မန္တလေး လမ်းမကြီးအတိုင်း နမခကိုသွားတဲ့ လမ်းမှာ အကြိမ်ကြိမ်တိုက်ခိုက်ခံခဲ့ရတာကြောင့် စုစုပေါင်း အနည်းဆုံး ၆ဦးသေဆုံးပြီး ကား ၃ စီးထိခိုက်ပျက်စီးခဲ့ကြောင်း ဖရဲသီးသတင်းပေးချက်အရသိရတယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

တည်းဖြတ်- ငြိမ်းဇော်
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10