မုံရွာ - မန္တလေးလမ်းပေါ်မှာ မိုင်းရှာနေတဲ့ စစ်အုပ်စု မိုင်းဆွဲခံရ( ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ - မန္တလေးလမ်းမပေါ်မှာ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲခံရလို့ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ Black Eagle Defence Force (MMU) အဖွဲ့ဆီက သိရပါတယ်။ 


မေလ ၅ ရက် မနက် ၁၀ နာရီကျော်လောက်မှာ မြင်းမူမြို့နယ်၊ ဂွေးပင်တောနဲ့ ဘိုးမင်းကြီးအကြား စစ်ကြောင်းရောက်ရှိချိန် မိုင်း ၄ လုံးနဲ့ ၂ ကြိမ်ဆွဲပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Black Eagle Defence Force (MMU) ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

အင်အား ၃၀ ဝန်းကျင်ပါတဲ့ ခြေလျင်စစ်ကြောင်းဟာ ချောင်းဦးဘက်က ထွက်လာတာဖြစ်ပြီး မြင်းမူမြို့နယ်အရောက်မှာ ခရီးသွားကားတွေနဲ့ ဆိုင်ကယ်တွေကို တားပြီး မိုင်းရှာနေကြတာဖြစ်တယ်လို့ သိရပါတယ်။

မိုင်းကွင်းအရောက်မှာ အတိအကျ မိုင်းဆွဲနိုင်ခဲ့တာဖြစ်လို့ ထိခိုက်သေဆုံးမှုရှိနိုင်ပေမယ့် စာရင်းအတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၄ ရက်ကလည်း လည်ကြီး၊ သုံးလင့်၊ ရွာမ ကျေးရွာနေအိမ်တွေကို မီးရှို့ပြီးထွက်လာတဲ့ စစ်ကြောင်းကို မြင်းမူမြို့နယ်ထဲမှာ Black Eagle Defence Force-MMU အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

တည်းဖြတ်- ဇို
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10