မူးမြို့နယ်ထဲက တပ်စခန်း ၃ ခုသိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်သား ၂၀ ကျော်သေ

မူးမြို့နယ်ထဲက တပ်စခန်း ၃ ခုသိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်သား ၂၀ ကျော်သေ

 

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ တပ်မဟာ (၃)၊ မူးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၃ ခုသိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်သား ၂၀ ကျော်သေတယ်လို့ ဒီဇင်ဘာ ၂၇ ရက်မှာ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၂၆ ရက် မနက်ပိုင်းမှာ နတ်သံကွင်းမြို့နဲ့အတူ စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ လည်ပတ်တပ်စခန်း၊ အုန်းနှဲပင်တပ်စခန်း နဲ့ နရွဲပင်တပ်စခန်းတို့ကို KNLA ပူးပေါင်းတပ်တွေက တပြိုင်တည်း တိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

"နတ်သံကွင်းမြို့အပါအဝင် စကစ တပ်စခန်းတွေကို နေရာဖြန့်ခွဲပြီး တိုက်ခိုက်ခဲ့ကြတာရှိတယ်။ စခန်းသိမ်းနိုင်တာလည်းရှိသလို မသိမ်းနိုင်တာလည်းရှိတယ်" လို့ မြေပြင်တိုက်ခိုက်ရေးရဲဘော်တဦးက ပြောပါတယ်။

အဲ့ဒီနေ့ တိုက်ပွဲမှာ လည်ပတ်တပ်စခန်း၊ အုန်းနှဲပင်တပ်စခန်းနှင့် နရွဲပင်တပ်စခန်းတို့ကို KNLA ပူးပေါင်းတပ်တွေက သိမ်းနိုင်ခဲ့ပြီး နတ်သံကွင်းမြို့သိမ်းတိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူကြောင့် နတ်သံကွင်းမြို့ကိုထိန်းချုပ်ထားပြီး အပြီးတိုင်သိမ်းနိုင်တဲ့အခြေအနေတော့ မရှိသေးဘူးလို့ သိရပါတယ်။ 

စခန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်ချိန် စစ်ကောင်စီတပ်သား ၂၀ ဦး သေဆုံးခဲ့ပြီး လက်နက်မျိုးစုံ (၁၉) လက်နဲ့ ခဲယမ်းတချို့သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။

တိုက်ပွဲအတွင်းမှာ KNLA တပ်ရင်းလက်အောက် တပ်ဖွဲ့ဝင်တချို့နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဖက်မှလည်း ထိခိုက်ကျဆုံးမှုတချို့ရှိခဲ့တယ်လို့ ဆိုထားပြီး အရေအတွက်ကိုတော့ မဖော်ပြထားပါဘူး။

လက်ရှိအခြေနေမှာတော့ နတ်သံကွင်းမြို့အနီးဝန်းကျင်မှာ နှစ်ဖက်တပ်တွေ စစ်ဆိုင်ထားပြီး တိုက်ပွဲထပ်ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၇ ရက် မနက် ၆ နာရီကျော်ခန့်မှာတော့ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ အဝင်အနီးနားရှိ သဲကောကျေးရွာနားမှာ KNLA ပူးပေါင်းတပ်တွေနဲ့စစ်ကောင်စီစစ်ကူလာတဲ့အဖွဲ့တွေ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ကျောက်ကြီး #ကော်သူးလေ #ခလယ်လွီထူ #တပ်မဟာ၃ #မူးမြို့ #စစ်ကောင်စီ #KNU #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10