မူးယစ်ဆေးရောင်းချသူ ၁ ဦးနဲ့ သုံးစွဲသူ ၅ ဦးကို  Tamu PDF က ဖမ်းဆီးအရေးယူ

မူးယစ်ဆေးရောင်းချသူ ၁ ဦးနဲ့ သုံးစွဲသူ ၅ ဦးကို Tamu PDF က ဖမ်းဆီးအရေးယူ

စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ တမူးမြို့၊ နန်ကုလား စော်ဘွားရပ်ကွက်မှာ မူးယစ်ဆေးရောင်းချနေသူ ၁ ဦး၊ဆေးသုံးစွဲနေသူ ၅ ဦးကို မေလ ၂၆ရက် မနေ့ နေ့လယ် ၁ နာရီခန့်မှာ  ဖမ်းဆီးခဲ့တယ်လို့ People's Defense Force Tamu တပ်ရင်း ၄ အဖွဲ့ဆီက သိရပါတယ်။

တမူးမြို့ပေါ် ရပ်ကွက်တွေထဲမှာ မူးယစ်ဆေးဝါး ပေါ်ပေါ်ထင်ထင်ရောင်းချ၊ သုံးစွဲတာတွေ လုပ်ဆောင်နေကြောင်းသတင်းရရှိလို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးချိန် တွေ့ရှိတာကြောင့် အမျိုးသမီး ၁ ဦးအပါအဝင် ၆ ဦးကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။


“တချို့လက်နက်ကိုင်ပြီးမှ ရောင်းနေတာတွေရှိတယ်။ ဆေးချတာတွေများလာတဲ့ နောက်ဆက်တွဲ ပိုက်ဆံလိုလာတော့ ဆိုင်ကယ်ပျောက်တာတွေလည်းရှိတယ်။ မူးယစ်ဆေးဝါးလုပ်ပြီဆိုကတည်းက မကောင်းမှုတွေ နောက်ကလိုက်တော့တာပဲ။ ခိုးမှုတွေလည်းဖြစ်လာတယ်” လို့ တမူး PDF တပ်ရင်း ၄ တိုက်ခိုက်ရေးခေါင်းဆောင် ခန့်လေး  က မြေလတ်အသံကို ပြောပါတယ်။


ဖမ်းဆီးရမိခဲ့သူတွေကို ပထမအကြိမ်အဖြစ် ကြိမ်ဒဏ်ပေးစီရင်ခဲ့ပြီး ထပ်မံမကျူးလွန်ရန်သတိပေးခဲ့ကာ ထပ်မံကျူးလွန်ပါက ထောင်ချအရေးယူတာတွေဆက်လက်လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။


“လူတွေကိုတော့ အခုဟာကကြီးကြီးမားမားမဟုတ်‌သေးတော့ ပထမဆုံးအကြိမ်နေနဲ့ ကြိမ်ဒဏ်အချက် ၃၀ ပေးတယ်။  နောက်တခေါက်ဆိုရင်တော့ ဖမ်းဆီးအရေးယူထောင်ချတာတွေလုပ်မှာပါ” လို့ သူက ဆက်ပြောပါတယ်။


ဖမ်းဆီးရမိသူတွေဆီက နံပါတ်ဖိုးပါ ဆပ်ပြာခွက် ၂ ခွက်၊ ပုလင်း ၁ ပုလင်း၊ WY ၂ ပြား စတဲ့ မူးယစ်ဆေးတွေအပြင် မိုဘိုင်းဖုန်း ၄ လုံး၊ ရောင်းဝယ်ရာမှာအသုံးပြုထားတဲ့ ငွေသားတချို့နဲ့ ဆေးသုံးစွဲရာမှာ အသုံးပြုတဲ့ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ကာ PDF စခန်းမှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။


မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီးဖမ်းဆီးရရှိမှုတွေဟာ အခုလအတွင်းမှာဘဲ ၁၀ ဦးကျော်အထိ ဖမ်းဆီးရမိထားပြီး နယ်စပ်ဒေသမြို့ဖြစ်တဲ့အလျောက် ရောင်းဝယ်သူရော သုံးစွဲသူတွေပါ မြို့ပေါ်ရပ်ကွက်တွေထဲ မင်းမဲ့စရိုက်ဆန်ဆန် လုပ်ဆောင်နေကြတယ်လို့ PDF တာဝန်ရှိသူကပြောကပါတယ်။

 

သတင်း - ဒိန်းဂျား၊ စာတည်း- ရင်ငြိမ်း
#မြေလတ်အသံ
#စစ်ကိုင်း #တမူး #မူးယစ်ဆေး #သုံးစွဲမှု #PDF #ဖမ်းဆီးအရေးယူ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10