မော်လိုက်မှာ ကျေးရွာ ၁၆ ရွာခန့် ရေကြီးနေပြီး ၃ ရွာက အရေးပေါ် အကူညီလိုအပ်နေ

မော်လိုက်မှာ ကျေးရွာ ၁၆ ရွာခန့် ရေကြီးနေပြီး ၃ ရွာက အရေးပေါ် အကူညီလိုအပ်နေ

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်ထဲမှာ ကျေးရွာ ၁၆ ရွာနီးပါး ရေနစ်မြုပ်နေပြီး ကျေးရွာ ၃ ရွာက အရေးပေါ် အကူညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကလည်း ဇူလိုင် ၅ ရက် ဒီကနေ့ ညနေ ၄ နာရီ တိုင်းထွာချက်တွေအရ ချင်းတွင်းမြစ်ရေက မော်လိုက်မြို့ရဲ့ စိုးရိမ်ရေအမှတ်ကို ရောက်ရှိနေပြီး ၂၄ နာရီအတွင်း ၂ ပေခန့် မြင့်တက်လာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

“မြစ်ကမ်းနားက ရွာတွေကတော့ ရေမြုပ်ကုန်ပြီ။ မြို့လယ်ကောင်ထဲလည်း ဝင်နေပြီ။ တပ်ကုန်း၊ ရေခါတွန်နဲ့ ဝဲကသာ အဆိုးဝါးဆုံးပေါ့။ (စစ်ဘေးကြောင့်)အိမ်ကလည်းမရှိတော့ တဲလေးတွေ ထိုးနေတာကလည်း ရေမြုပ်ဆိုတော့ အဲ့ရွာတွေကတော့ တော်တော်ခံစားရတယ်။” လို့ မော်လိုက်ဒေသခံတဦးက ပြောပါတယ်။

အခုလက်ရှိ မော်လိုက်မြို့က ရေခါတွန်၊ တပ်ကုန်း၊ ဝါးရုံသာ၊ ဝဲကသာ၊ ဆွတ်နန်း၊ ယူးဝ၊ ရွှေလင်းတ၊ လက်ပန်၊ သဝန်၊ မုံကြီး၊ ပန်းသာ၊ ဖဲကဇက်၊ မနုနာစတဲ့ ရွာတွေအပါအဝင် ၁၆ ရွာနီးပါး ရေဘေးကြုံနေရတယ်လို့ ဆိုပါတယ်။

အဲဒီထဲကမှ တပ်ကုန်း၊ ရေခါတွန်၊ ဝဲကသာ ကျေးရွာ ၃ ရွာက ပြည်သူ ၆၀၀ ကျော် ရေဘေးနဲ့ ပတ်သက်တဲ့ အရေးပေါ် အကူညီတွေ လိုအပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

ဇူလိုင် ၅ ရက် ဒီကနေ့နဲ့ ဇူလိုင် ၇ ရက်တွေမှာ ဘင်္ဂလားပင်လယ်အော်အတွင်း လေထု မငြိမ်မသက်မှုတွေ ဖြစ်လာနိုင်ပြီး အဲ့ဒီအခြေနေတွေကြောင့် မြန်မာနိုင်ငံအနှံ့ မိုးရွာသွန်းကာ မြစ်ရေ ထပ်မံမြင့်တက်လာနိုင်တယ်လို့ မိုးလေဝသခန့်မှန်းရေး ပညာရှင် ဦးဝင်းနိုင်က သူ့ရဲ့ Facebook လူမှုကွန်ယက် စာမျက်နှာမှာ ထုတ်ပြန်ထား ပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ဇူလိုင် ၅ ရက် ဒီကနေ့ ထုတ်ပြန်ချက်တွေအရ ဧရာဝတီမြစ် ရေဟာ ကသာ၊ ရွှေကူ၊ ဗန်းမော် မြို့တွေမှာ စိုးရိမ်ရေအမှတ်ထက် ကျော်နေပြီး၊ ချင်းတွင်းမြစ်ရေကလည်း ခန္တီး၊ ဟုမ္မလင်း၊ မော်လိုက်၊ ဖောင်းပြင် စတဲ့မြို့တွေမှာ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်နေတယ်လို့ သိရပါတယ်။

ပုံစာ - ချင်းတွင်းမြစ်ရေတက်ပြီး ဖောင်းပြင်မြို့နယ်အတွင်း ရေကြီးနေသည်ကို တွေ့ရစဉ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မော်လိုက်မြို့ #ကျေးရွာ #ရေနစ်မြုပ် #ရေကြီး #သဘာဝဘေးအန္တရာယ် 

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10