မော်လူးမြို့ကို သိမ်းပိုက်ထားပေမယ့် ပြည်သူတွေပြန်နေဖို့ မဖြစ်နိုင်သေး

မော်လူးမြို့ကို သိမ်းပိုက်ထားပေမယ့် ပြည်သူတွေပြန်နေဖို့ မဖြစ်နိုင်သေး

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးမြို့ကို တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတာ ၂ ရက်မြောက်လာပြီဖြစ်ပြီး လေကြောင်းအန္တရာယ်ရှိနိုင်တဲ့အတွက် ပြည်သူလူထုတွေအနေနဲ့ ပြန်နေဖို့ မသင့်သေးဘူးလို့  ABSDF အမှတ်(၁) စစ်ကြောင်း သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

 ၄ နာရီကြာတိုက်ခိုက်မှုအပြီး ယမန့်နေ့ ဒီဇင်ဘာ ၁၃ ရက် နံနက် ၆ နာရီမှာသိမ်းပိုက်ရရှိလိုက်တဲ့ မော်လူးမြို့မှာ တော်လှန်ရေးအင်အားစုတွေက နယ်မြေရှင်းလင်းမှုတွေနဲ့ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို လိုက်လံဖမ်းဆီးနေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုလုပ်လာနိုင်တယ်လို့ ဆိုပါတယ်။

"လောလောဆယ်တော့ လေကြောင်းတိုက်ခိုက်မှုမရှိသေးဘူး။ သို့သော်လည်း လေကြောင်းအန္တရာယ်ရှိနိုင်တယ်။ မြိုထဲမှာတော့ နယ်မြေရှင်းလင်းမှုတွေ ပြီးသွားပြီ၊ ဒီတရက်နှစ်ရက်အတွင်းတော့ ပြည်သူတွေ ပြန်နေဖို့ မဖြစ်နိုင်သေးဘူး။ ဘာကြောင့်လဲဆိုတော့ အန္တရာယ်ရှိနေသေးလို့လေ" လို့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

လက်ရှိမှာ‌တော့ မြို့ခံပြည်သူ ၄ ပုံ ၃ ပုံကလည်း ထွက်ပြေးပြီးသားဖြစ်နေပြီး မော်လူးမြို့ကို လာရောက်စစ်ရှောင်နေကြတဲ့ အနီးနား ဒေသခံတွေအပါ စစ်ရှောင် ၁ သောင်းကျော်ရှိတယ်လို့ သိရပါတယ်။

တိုက်ပွဲအပြီး ယနေ့ ဒီဇင်ဘာ ၁၄ ရက်နံနက်အထိ စစ်ကောင်စီသေဆုံး အလောင်း ၁၄ နဲ့ အရိုးပြာ ၃ လောင်း စုစုပေါင်း ၁၇ လောင်းတွေ့ရှိထားသလို သုံ့ပန်း ၈ ဦးကိုဖမ်းဆီးရမိထားတယ်လို့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

မြို့သိမ်းအပြီးမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဘက်ကနေ လက်နက်ငယ် ၂၁ လက်ခြောက်လုံးပြူး ၁ လက်၊ နင်းမိုင်း ၅ လုံး၊ လက်ပစ်ဗုံး ၂၄ လုံး၊ G 3 ကျည် ၃၀၀၀ ကျော်၊ MA ကျည် ၃၀၀ ကျော်၊ ၉မမကျည် ၂၀၀ ကျော်၊ ရာဘာကျည် ၃၀ တောင့်၊ G3ကျည်ဘောက် ၄၂ ခု၊ MAကျည်ဘောက် ၆ ခု၊ အူဇီကျည်ဘောက် ၆ ခု၊ ကွန်ပျူတာ ၁ လုံး၊ ဖုန်း ၂ လုံးနဲ့ ဆက်သွယ်ရေးစက် ၁ လုံး တို့အားသိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကိုတော့ ABSDF နဲ့ မဟာမိတ်တပ်ပေါင်းစုများဖြစ်တဲ့ KIA၊ KPDF ၊ ဒေသခံ ပကဖ၊ ပအဖ၊ ပလဖ ရဲဘော်များပူးပေါင်းခဲ့ကြတယ်လို့ ဆိုပါတယ်။

ပုံစာ - မော်လူးမြို့သိမ်းပိုက်အပြီး မြို့အခြေအနေ၊ ရရှိခဲ့သည့် လက်နက်ခဲယမ်းများနှင့် သေဆုံး စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများ။

#မြေလတ်အသံ 

#မော်လူးမြို့ #စစ်ကိုင်းတိုင်း #အင်းတော်မြို့နယ် #ABSDF  #KIA #KPDF #ပကဖ #ပအဖ #ပလဖ #စစ်ရှောင် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10