မျက်နှာမွဲတို့အသက် ဘယ်လိုသတ်သတ် သေ၏

မျက်နှာမွဲတို့အသက် ဘယ်လိုသတ်သတ် သေ၏

ဟုတ်ပါတယ် ကျုပ်တို့က မျက်နှာမွဲတော်လှန်ရေးသမားတွေပေါ့၊ မျက်နှာမွဲလွန်းတော့လည်း တော်လှန်ရေးသမားလို့ နာမည်တပ်ရမှာလည်း ခပ်ရွံ့ရွံ့ပါပဲ။

ကျုပ်တို့ဆိုတာကတော့ မြေလတ်၊ အညာဒေသတွေက အကာအကွယ်မဲ့၊ အထောက်အပံ့နည်း တော်လှန်ရေးသမားတွေကို ဆိုလိုတာပါ။

ခုပြောမှာကတော့ မြေလတ်ဒေသကို အဓိကထားပြီးပြောမှာပါ။

ပြီးခဲ့တဲ့ရက်က ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့က ဒေသအခြေစိုက်တော်လှန်ရေးစခန်းတခုကို လူသတ်ရာဇဝတ်ကောင်တွေ ဝင်စီးလို့ အဖမ်းခံရသူခံရ၊ အသတ်ခံရသူခံရနဲ့ အင်မတန်စိတ်နှလုံးမချမ်းမြေ့ဖွယ်ရာသတင်းပါပဲ။

အံတကြိတ်ကြိတ်နဲ့ ခံစားရခက်တဲ့အထဲ ထိပ်ဆုံးကတော့ ကျုပ်တို့မြေပြင်က နီးနီး၊ ဝေးဝေးမှာရှိကြတဲ့ ရဲဘော်တွေပဲ။

ဓါတ်ပုံတွေကို ကြည့်လိုက်ပြန်တော့လည်း တူမီး၊ လက်လုပ်၊ ဆိုလာချပ်တချို့ … ဪ တော်လှန်ရေးကာလတနှစ်ခွဲ မောင်းပြန်တောင်မကိုင်နိုင်ကြတဲ့ တို့ပဲခူးအနောက်မျက်နှာမွဲတွေပါလား။

ပဲခူးရိုးမအခြေပြုလို့ တိုက်ပွဲဝင်နေတဲ့ကျုပ်တို့ဆိုတာ ရိက္ခာ၊အဆက်အသွယ်တွေကို ရန်သူက ပိုင်ပိုင်နိုင်နိုင် ဖြတ်တောက်ထားခံရတဲ့အခြေအနေပဲ။

မြို့ပေါ်မှာလည်း ကျုပ်တို့တော်လှန်ရေးတပ်ဖွဲ့တွေကို ကူညီထောက်ပံ့သူတွေဆိုတာ အင်မတန့် အင်မတန်မှ နည်းပါးလွန်းလှတယ်။

တချိန်က NLD လိုပါတီကြီး ရွေးကောက်ပွဲအောင်နိုင်ရေးတို့၊ အောင်နိုင်သွားတဲ့အချိန် ပွဲခံကြတုန်းက မြို့ပေါ်သူဌေးသူကြွယ်တွေဟာ ထိပ်ဆုံးက ပါခဲ့ကြသတဲ့။

အမတ်ဖြစ်သွားတဲ့သူတွေဆိုတာလည်း အဲဒီအချိန်တွေကတည်းက ပြည်သူဘက်ကို ပြန်ကြည့်တာကနည်းနည်း၊ အုပ်ချုပ်ရေးမှူးတို့လို အရာရှိတွေနဲ့ တတွဲတွဲ အရက်ဆိုင်ထိုင်၊ ကေတီဗီထိုင်နဲ့ နေရတာကို သူတို့မှာ ဂုဏ်ယူစရာတခုလိုပဲ။

ခုများတော့ အဲဒီအမတ်တော်တော်များများလည်း ကြက်ပျောက်ငှက်ပျောက်၊ မပျောက်နိုင်တဲ့ အမတ်တွေလည်း လွတ်မြောက်နယ်မြေ ဒါမှမဟုတ် တိုင်း၊ ခရိုင်၊ မြို့နယ်ပကဖ၊ ပအဖတွေမှာ တာဝန်ယူကြရတယ်။

တချိန်က ဒီမိုကရေစီလက်သီးလက်မောင်းတန်းတဲ့ သူဌေးသူကြွယ်တို့ဟာလည်း ခုချိန်မှာ မျိုးဆွေဝင်းဖလား၊ ဘောလုံးပွဲ၊ ခြင်းလုံးပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေမှာ ထိပ်ဆုံးကနေ တက်တက်ကြွကြွ ကျွန်လက်မှတ်ရဖို့ ခံယူနေကြကုန်ပြီ။

အာဏာသိမ်းအခါတော်ပေး၊ မြှောက်ပင့်တဲ့ ကြံ့ဖွတ်၊ မဘသတွေ၊ မြို့နယ်ကဗိုလ်မှူးဆိုတဲ့ကောင်တွေနဲ့ ဂေါက်ရိုက်၊ ပရဟိတတွေကို ကာဗာလုပ်ပြနဲ့ အနေအစားအဆင်ပြေနေကြပြီ။

ဖက်ဆစ်စစ်တပ် ယုတ်မာမှုကို ကျုပ်တို့ထည့်မပြောတာ အံ့ဩစရာမရှိလို့ပါပဲ။

တစ်နိုင်ငံလုံးမှာ မီးလောင်ပြာကျ၊ စီးပွားရေးဇောက်ထိုးကျ၊ လူသတ်၊ မုဒိန်းကျင့်ခံနေရချိန်မှာတော့ သာယာအေးချမ်းလှတဲ့ ကျုပ်တို့မြို့တွေဆီမှာ လုံလုံခြုံခြုံ သပိတ်မှောက်ဆန့်ကျင်လို့ရတဲ့ မင်းအောင်လှိုင်တို့ ထုတ်ကုန်တွေကို မြိန်ရေယှက်ရေ သုံးဆောင်းလို့ကောင်းနေတုန်းပဲ။

မျက်နှာမွဲတော်လှန်ရေးသမားတွေ ကျုပ်တို့ကတော့ လက်နက်တလက် သိန်းတရာဝန်းကျင်ရဖို့ ငွေဆယ်သိန်းရဖို့ ငွေတသိန်းရဖို့ NUG ကို တင်ပြ၊ နားပူနားဆာလုပ်လည်း ဆင်ပါးစပ်နှမ်းပက်တာလောက်တောင်မလာ။

တောနက်ထဲမှာ အခြေချနေထိုင်ရတာဖြစ်လို့ အင်တာနက်ကသုံးလို့မရ၊ ဈေးပေါပေါ အကြမ်းစီးတောစီးဖိနပ်တောင် မစီးနိုင်ကြ၊ ယူနီဖောင်းဆိုတာ ရဲဘော်ကိုယ်စီစိတ်ထဲမှာ သူများနည်းတူဝတ်ချင်ကြပေမယ့် မရှိမှန်းသိ၊ မရမှန်းသိတော့ ရှိတဲ့လက်လုပ်သေနတ်တွေကိုသာ အမြတ်တနိုး တန်ဖိုးထားပြီး မောင်းပြန်သေနတ်သဖွယ် ကိုင်ဆောင်ထားကြတယ်။

ဒီတချက်ထိုး လက်လုပ်တွေဆိုတာကလည်း လူတိုင်းတောင် ကိုင်နိုင်ကြတာမဟုတ်။ ခပ်ကြမ်းကြမ်းပြောရရင် စုတ်စုတ်ပြတ်ပြတ် သူတောင်းစားသာသာ ကျုပ်တို့ပေါ့ဗျာ။

ဖက်ဆစ်တွေ စစ်ကြောင်းထိုးလာရင် ပါတဲ့အင်အားကမှ ဆယ်ယောက်ဝန်းကျင်လောက်ကိုတောင်မှ ကြာကြာခံမပစ်နိုင်တဲ့ကျုပ်တို့ဗျ။

အရာအားလုံးကို စွန့်လွှတ်ထားပြီးသူတွေမို့ စားရေးသောက်ရေး ဘယ်လိုနေထိုင်ရတယ်ဆိုတာတွေကို စာဖွဲ့နေမယ့်သူတွေမဟုတ်သလို အားလုံးမျှော်လင့်ချက်ကတခုပါပဲ အဲဒါက ဂန်းရဖို့။

ဂန်းရဖို့ကလည်း ကျုပ်တို့ဒေသအတွက်တော့ တော်တော်မလွယ်တဲ့ကိစ္စပါပဲ။ ကမ္ဘာ့မီဒီယာတွေ၊ မြန်မာ့မီဒီယာတွေအထက် သတင်းတွေဖြစ်အောင် ကျုပ်တို့က ထိုးစစ်၊ တိုက်စစ်တွေမဖွင့်နိုင်တော့ ဒလန်ရှင်းတာ၊ မိုင်းဆွဲတာလောက်ပဲလုပ်နိုင်တော့ မျက်နှာပန်းက မပွင့်ပြန်ဘူး။ 

ကျုပ်တို့ မနာလိုမှုနဲ့ပြောတာမဟုတ်ဘူး ဖြစ်ပုံကိုပြောပြတာပါ။ ညီနောင်ရဲဘော်တွေရဲ့ တိုက်ပွဲအောင်သံတွေကြားရင် ကျုပ်တို့ အင်မတန်မှ အားတက်ပြီး ပျော်ရွှင်ကြရပါတယ်။

စစ်ကိုင်းတိုင်းလို ပြည်သူတွေ အင်ပြည့်အားပြည့်နဲ့ ပါဝင်ကြတဲ့ တော်လှန်စိတ်တွေကို အားကျရပါတယ်။

ဒီလိုအခက်အခဲကြားထဲမှာ ကျေးဇူးတင်ရတာကတော့ ပြည်ပရောက် ဒေသအသီးသီးက ပြည်သူတွေပေါ့။ မရှိလို့၊ ဆင်းရဲလို့၊ အဆင်မပြေလို့ သူများနိုင်ငံမှာ ဒုက္ခအမျိုးမျိုးနဲ့ ပင်ပင်ပန်းပန်းအလုပ်တွေ လုပ်နေကြရတဲ့ ညီအစ်ကို၊ မောင်နှမတွေရဲ့ ချွေးနည်းစာဟာ ကျုပ်တို့ တရက်၊ တရက် အသက်ဆက်မယ့် အားဆေးတွေဖြစ်ခဲ့တယ်။

အားနာမိတယ်၊ စိတ်မကောင်းမိတယ် အထူးသဖြင့် မြို့ပေါ်မှာ အေးအေးချမ်းချမ်းနဲ့ ဈေးသက်သာတဲ့မိုင်တဲလ်သုံး၊ မြန်မာဘီယာလေး ပေါ်တင်၊ ခိုးကြောင်ခိုးဝှက်သောက်၊ စစ်တပ်ဘောမတွေနဲ့ လုံးထွေးပေါင်းသင်းနေတဲ့ လက်သုံးချောင်းထောင်သူတွေနဲ့ ယှဉ်ရင်ပေါ့။

ဒီလိုကြားထဲ ပြန်ဆက်ရရင်တော့ သစ္စာဖောက်အမတ်တွေ၊ သစ္စာဖောက်တော်လှန်ရေးမြေခွေးတွေဟာ ကျုပ်တို့ တော်လှန်ရေးထဲပါလာတော့ ကြို့ပင်ကောက်လို၊ တခါက ဇီးကုန်းမြို့က အဖြစ်အပျက်တွေဖြစ်တော့တာပဲ။ အဖမ်းခံရလို့ လမ်းပြတာကို မဆိုလိုပါ။

ကိုဇေယျာသော်၊ ကိုဂျင်မီတို့ သတ်ဖြတ်ခံရတုန်းကလို မြင်စ ခဏတော့ စိတ်မကောင်းဝမ်းနည်းကြမှာပေါ့။ ကျုပ်တို့ကတော့ ဖြိုခွင်းခံရကောင်းခံရမယ်၊ အသတ်ခံရကောင်း အသတ်ခံရမယ်၊ ဖမ်းဆီးနှိပ်စက်ခံရကောင်းခံရမယ် ….

ကျုပ်တို့ မျက်နှာမွဲတွေရဲ့ တော်လှန်စိတ်ကတော့ သေလို့ မကျွတ်ရင်တောင် ဖက်စစ်လူသတ်ကောင်တွေကို ကျုပ်တို့က ဆက်ခြောက်လှန့်နေဦးမယ်ကောင်တွေပါပဲ။

ဒါပေမဲ့ ခုချိန်မှာတော့ ကျုပ်တို့ဟာ ဘယ်လိုသတ်သတ်သေရမယ့် မျက်နှာမွဲတွေပါပဲ။

ရေးသားသူ - ရာဇာမင်းနိုင်

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10