မြင်းခြံက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူ ရှင်းလင်းခံရ

မြင်းခြံက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူ ရှင်းလင်းခံရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတဦးနဲ့ သားဖြစ်သူ ဇူလိုင် ၃ ရက်မနက် ၆ နာရီလောက်မှာ သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ မြင်းခြံ PDF နဲ့ နီးစပ်သူတဦးက ပြောပါတယ်။ 

 

သေဆုံးသူမှာ နဘူးအိုင်ကျေးရွာအုပ်စု၊ ရွှေပေါ်ကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူး အသက် ၅၀ ကျော်အရွယ် ဦးသန်းထွန်းအောင် နဲ့ သားဖြစ်သူ အသက် ၁၈ နှစ်အရွယ် ဝဏ္ဏအောင်တို့ ဖြစ်ပါတယ်။ 

 

"သူတို့နေအိမ်ကို ဆိုင်ကယ်နဲ့လူ ၄ ယောက်လာပြီးတော့ အိမ်ထဲမှာပစ်ခတ်သွားတာ။ ပွဲချင်းပြီး သေတယ်။ ပြောရရင် အုပ်ကြီးက စကစအလိုတော်ကျ လုပ်ပေးနေတဲ့သူပါ"လို့ မြင်းခြံ PDF နဲ့ နီးစပ်သူ အမျိုးသားတဦးက ပြောပါတယ်။

 

ဒါ့အပြင် ဦးသန်းထွန်းအောင်မှာ ရွှေပေါ်ကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ နဘူးအိုင်ကျေးရွာအုပ်စုရဲ့ အုပ်စုအုပ်ချုပ်ရေးမှူးလည်း ဖြစ်တဲ့အပြင် USDP ပါတီဝင်လည်း ဖြစ်ကာ သားဖြစ်သူကတော့ အခုနှစ်မှ ဆယ်တန်းစာမေးပွဲ အောင်ထားသူ ဖြစ်တယ်လို့ ဆိုပါတယ်။ 

 

ဒီရှင်းလင်းမှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ ထုတ်ပြန်ကြေညာတာမျိုး မရှိသေးပါဘူး။ 

 

သေနတ်ပစ်ခံရလို့ ဦးသန်းထွန်းအောင်မှာ ဝဲဘက် လက်ကောက်ဝတ် ၁ ချက်၊ ဝဲဘက် ဝမ်းဗိုက် ၁ ချက်၊ ယာဘက်ဝမ်းဗိုက် ၁ ချက်၊ ဝဲ ပုခုံး  ၁ ချက်၊ ယာ ပုခုံး ၁ချက်နဲ့ ဝဏ္ဏအောင်မှာ ဝဲဘက် မျက်စိဘေး ၁ ချက်၊ယာနားထင် ၁ ချက် စတဲ့ ဒဏ်ရာရတွေနဲ့ သေဆုံးခဲ့တာလို့ သိရပါတယ်။ 

 

ပုံစာ - ဖခင်အုပ်ချုပ်ရေးမှူးနှင့်အတူ သေနတ်နဲ့ပစ်သတ်ခံရသည့် မောင်၀ဏ္ဏအောင်။

 

စာတည်း - လင်း

 

#မြေလတ်အသံ

#မန္တလေး #မြင်းခြံ #ရွှေပေါ်ကျွန်းကျေးရွာ #ရှင်းလင်း #အုပ်ချူပ်ရေးမှူးသားအဖ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10