မြင်းခြံထောင်က နိုင်ကျဉ်း ၃ ဦးကို စစ်တပ်ကအင်အားသုံးခေါ်ထုတ်သွား၊ အဆက်အသွယ်ပြတ်နေပြီး အသက်အန္တရာယ်စိုးရိမ်နေရ

မြင်းခြံထောင်က နိုင်ကျဉ်း ၃ ဦးကို စစ်တပ်ကအင်အားသုံးခေါ်ထုတ်သွား၊ အဆက်အသွယ်ပြတ်နေပြီး အသက်အန္တရာယ်စိုးရိမ်နေရ

မန္တလေးတိုင်း၊ မြင်းခြံမြို့အကျဉ်းထောင်မှာ နိုင်ငံရေးပုဒ်မတွေနဲ့အကျဉ်းကျနေသူအမျိုးသား ၃  ဦးကို မေလ ၂၁ ရက်‌ မနေ့ညနေပိုင်းမှာ စစ်တပ်နဲ့ထောင်ဝန်ထမ်းတွေက အဓမ္မအင်အားသုံး ခေါ်ထုတ်သွားပြီး ပြန်လည်ရောက်ရှိမလာသေးဘူးလို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

မနေ့ညနေပိုင်းမှာ မြင်းခြံထောင်က တောင်သာနယ်ဇာတိ နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ ကိုကျော်မင်းနိုင်၊ ကိုသက်မောင်မောင်တို့ကို စစ်တပ်နဲ့ရဲတပ်ဖွဲ့တွေအင်အားအလုံးရင်းနဲ့ဝင်ရောက်လာကာ  စတင်ခေါ်ဆောင်သွားပြီး ည ၉ နာရီခန့်မှာတော့ ငါးဇွန်နယ်ဇာတိ ကိုစိုင်းဆိုသူကို ထောင်အာဏာပိုင်တွေနဲ့ဝန်ထမ်းတွေက ဝိုင်းချုပ်ကာ ထပ်မံခေါ်ထုတ်သွားတာလို့ ဆိုပါတယ်။


“ကိုကျော်မင်းနိုင်နဲ့ကိုသက်မောင်မောင်က ဖောက်ခွဲ ၅ နဲ့ ထောင်ကျနေတာ။ ကိုစိုင်းလည်းနိုင်ငံရေးပုဒ်မပဲ။  ခုလိုအဖြစ်က အရင်ကမရှိဖူးဘူး၊ တော်တော်များများကတော့ လန့်နေကြတယ်" လို့ ထောင်တွင်းနီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

‌စစ်တပ်နဲ့ထောင်အာဏာပိုင်တွေ အင်အားသုံးခေါ်ထုတ်သွားတဲ့ နိုင်ကျဉ်း ၃ ဦးဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်းက ဖောက်ခွဲရေးဆိုင်ရာပုဒ်မ ၅ အပါအဝင် နိုင်ငံရေးပုဒ်မတွေနဲ့ထောင်ဒဏ် ၁၀ နှစ်ကနေ နှစ် ၂၀ ကျော်အထိ ပြစ်ဒဏ်ချမှတ်ခံထားရသူတွေဖြစ်ပြီး အကျဉ်းကျကာလ ၂ နှစ်ကျော်ရှိပြီလို့ သိရပါတယ်။

လက်ရှိမှာ နိုင်ကျဉ်း ၃ ဦးဟာ မြင်းခြံထောင်ကိုပြန်လည်မရောက်ရှိသေးတဲ့အပြင် အဆက်အသွယ်လည်း ပြတ်တောက်နေလို့ သူတို့ရဲ့အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ သူကဆက်ပြောပါတယ်။
 
မြင်းခြံထောင်က တခြားနိုင်ငံရေးအကျဉ်းသားတွေကိုလည်း စာရင်းကောက်ယူတာတွေလုပ်ဆောင်နေပြီး ထောင်ပြောင်း၊ ရဲဘက်ပို့တာတွေနဲ့ နောက်အမှုတွဲကပ်မယ့် သတင်းတွေထွက်ပေါ်နေကာ အခုလို ဖမ်းဆီးခေါ်ထုတ်မှုမဖြစ်ခင် မေလ ၂၀ ရက်နေ့က ထောင်တွင်းကင်းပတ်တာတွေကို ထောင်ဝန်ထမ်းတွေက မလုပ်ဆောင်တော့ဘဲ ရဲနဲ့ စစ်သားတွေက လာရောက်ကင်းပတ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့က နိုင်ငံရေးအကျဉ်းသားတွေလွတ်ငြိမ်းပေးရာမှာ မြင်းခြံထောင်ကနေ နိုင်ငံရေးအကျဉ်းသား ၂၁၇ ဦး လွတ်မြောက်ခဲ့ပြီး  ၆ ဦးကို စစ်ကောင်စီတပ်က ပြန်လည်ဖမ်းဆီးသွားတယ် လို့ သိရပါတယ်။

စာတည်း-ရင်ငြိမ်း

#မြေလတ်အသံ
#မြင်းခြံထောင် #စစ်ကောင်စီ #နိုင်ငံရေးအကျဉ်းသား #အင်အားသုံး #ခေါ်ထုတ် #အသက်အန္တရာယ် #စိုးရိမ်ရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10