မြင်းခြံနယ်ထဲမှာ စစ်အုပ်စုနဲ့ PDF တို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သား ၁၈ ဦး သေဆုံးဟုဆို (ရုပ်/သံ)

မြင်းခြံခရိုင်တပ်ရင်း ၉ ရဲ့ စစ်ကြောင်း ၃ အခြေစိုက်တပ်စခန်းကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သား ၁၈ဦး သေဆုံးခဲ့တယ်လို့ MBT အဖွဲ့ဆီက သိရပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ခြေဆေးရွာအနီးရှိ စစ်ကြောင်း ၃ အခြေစိုက်တပ်စခန်းကို အင်အား ၁၂၀ နဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို ပြန်လည်ခုခံတိုက်ခိုက်ခဲ့တာလို့ မြင်းခြံခရိုင်တပ်ရင်း ၉ အဖွဲ့ဆီက သိရပါတယ်။ 

စက်တင်ဘာ ၂၇ ရက်မှာ စစ်ကောင်စီဘက်က ဒရုန်းတပ်ဖွဲ့နဲ့ ပြည်သူ့စစ်ခေါင်းဆောင်လို့ နာမည်ကြီးနေတဲ့ သီတာယုမွန်ရဲ့ပျူစောထီးအင်အား ၁၂၀ နဲ့ မနက်အစောပိုင်း ၅ နာရီက‌နေ တိုက်ပွဲစတင်ဖြစ်ပွားပြီး နေ့လယ် ၁၁ နာရီမှာ တိုက်ပွဲပြီးခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း ၉ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဆိုပါတယ်။ 

တိုက်ပွဲဖြစ်တဲ့ စက်တင်ဘာ ၂၇ ရက် မနက် ၇ နာရီလောက်မှာပဲ MBT တပ်ဖွဲ့ကို မဟာမိတ်အဖွဲ့တွေက အင်အားလာဖြည့်ပြီး တန်ပြန်ထိုးစစ်ကို အရှိန်မြှင့်တင်နိုင်ခဲ့ပေမယ့် စစ်အုပ်စုဘက်ကိုလည်း စစ်ကောင်စီက လေကြောင်းပစ်ကူပေးလို့ ကာကွယ်ရေးအဖွဲ့တွေ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့လည်း ဆိုပါတယ်။ 

နေ့လယ် ၂ နာရီလောက်မှာတော့ ကာကွယ်ရေးအဖွဲ့တွေ နယ်မြေရှင်းလင်းရေးလုပ်တဲ့အချိန် ဒေသခံပြည်သူတွေ မျက်မြင်တွေ့ရှိချက်အရ စစ်ကောင်စီဘက်က ၁၈ ဦး သေဆုံးနေပြီး ဒဏ်ရာရတဲ့အရေအတွက်ကိုတော့ မခန့်မှန်းနိုင်ဘဲ အလောင်းတွေကို ကားတွေနဲ့ မြင်းခြံပြည်သူ့ဆေးရုံကို သယ်သွားတယ်လို့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉၊ မြင်းခြံခရိုင် အမှတ် ၁၊၂၊၃၊ ၇၊ ၈ တပ်ရင်းများ၊ မြင်းခြံခရိုင် ပကဖ၊ စွန်ရဲပြောက်ကျားတပ်ဖွဲ့၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့၊ အမှတ် ၈၁၅ တပ်ရင်း (PLA) တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြင်းခြံ #စစ်အုပ်စု #PDF #တိုက်ပွဲ #MBT

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10