မြင်းခြံပူးပေါင်းတပ်ဖွဲ့ရဲ့ ဆင်မင်းစစ်ဆင်ရေးမှာ စစ်ကောင်စီဘက်မှ အသေအဆုံးများပြီး ၅ ဦးအရှင်ဖမ်းမိ

မြင်းခြံပူးပေါင်းတပ်ဖွဲ့ရဲ့ ဆင်မင်းစစ်ဆင်ရေးမှာ စစ်ကောင်စီဘက်မှ အသေအဆုံးများပြီး ၅ ဦးအရှင်ဖမ်းမိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင် အမှတ် ၂ တပ်ရင်းနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မြင်းခြံမြို့နယ်အတွင်း ဧပြီ ၂၀ ရက်က ဆင်မင်းစစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ စစ်ဆင်ရေးတခုဆင်နွှဲခဲ့ရာ စစ်ကောင်စီဘက်မှ ဗိုလ် ၁ ဦးအပါအဝင် အသေအဆုံးများခဲ့ပြီး ၅ ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ 

မြင်းခြံမြို့နယ်အတွင်းက ကြည်ရွာ၊ ခမရ ၁၅၊ ဆီမီးခုံရေနက်ဆိပ်ကမ်းရှိ စစ်သင်္ဘော ၂ စီးနဲ့ ဆင်မီးခုံမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်း ၄ နေရာကို ဧပြီ ၂၀ ရက်မှာ တပြိုင်နက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ မြင်းခြံခရိုင် အမှတ် ၂ တပ်ရင်းရဲ့ ဧပြီ ၂၃ ရက်ထုတ်ပြန်ချက်အရ သိရပါတယ်။

အထက်ပါတိုက်ခိုက်မှုကို ဆင်မင်းစစ်ဆင်ရေးလို့ အမည်ပေးထားပြီး ဧပြီ ၂၀ ရက်မှာ မြင်းခြံမြို့နယ်မြောက် ဘက်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ စစ်ကောင်စီနဲ့ ပျူစောထီး အင်အား ၆၀ ခန့်အထိုင်ချတပ်စွဲထားတဲ့ ကြည်ရွာကို မြင်းခြံခရိုင်အမှတ် ၂ တပ်ရင်းနဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း မြင်းခြံခရိုင် အမှတ် ၂ တပ်ရင်းမှ စစ်ဆင်ရေးအရာရှိ ရဲဘော်အာကာမင်း သေဆုံးခဲ့သလို ရဲဘော် ၄ ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

စမိတ်ခုံမြို့နယ်၊ ကြည်ရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေ တပ်စွဲထားတဲ့စခန်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ဗိုလ် ၁ ဦးအပါအဝင် ၄ ဦးသေဆုံးကာ စစ်သား ၁ ဦးနဲ့ ပျူစောထီး ၄ ဦးကို အရှင်ဖမ်းနိုင်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၂ တပ်ရင်း MGN Tiger အဖွဲ့ဆီက သိရပါတယ်။

“စစ်ကြောင်း ၅ ကြောင်းနဲ့ တိုက်ခိုက်ခဲ့တယ်၊ အပြင်က အဖြတ်အတောက်အကြောင်းရောဆိုရင် ပေါင်း ၇ ကြောင်းနဲ့ စစ်ကြောင်းပုံစံထုတ်ပြီး တိုက်ခိုက်ခဲ့တယ်” လို့ မြင်းခြံခရိုင် အမှတ် ၂ တပ်ရင်း MGN Tiger ဒုတပ်ရင်းမှူး ဗိုလ်ကျော်ကြီးက ပြောပါတယ်။

ကြည်ရွာတိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ၆၀ မမ အထိုင်ပြောင်း ၁ လက်၊ ၆၀ မမ ဗုံးသီး ၉ လုံး၊ MA3 ၂ လက်၊ ၅.၅၆ ကျည်(ကပစ) ၁၂၅ တောင့် သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီနေ့ မနက်ပိုင်းအချိန်မှာပဲ မြင်းခြံမြို့နယ်၊ ခမရ ၁၅ ကိုလည်း မဟာမိတ်တပ်ဖွဲ့တွေက ၁၀၇ မမရှော့တိုက်ဒုံး ၂ လုံးနဲ့တိုက်ခိုက်ခဲ့ရာ အရာရှိ ၁ ဦးအပါအဝင် စစ်ကောင်စီတပ်သား ၄ ယောက်သေဆုံးသွားခဲ့ပါတယ်။ 

အလားတူ ဆီမီးခုံ ရေနက်ဆိပ်ကမ်းရှိ စစ်သင်္ဘော ၂ စီးနဲ့ စစ်ကောင်စီတပ်ဖွဲ့အထိုင်ချထားတဲ့ ရုံးကိုလည်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ၁၀၇ မမရှော့တိုက်ဒုံး ၂ လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သလို ဆီမီးခုံမြို့ပေါ်ရှိ စစ်ကောင်စီအထိုင်စခန်းကိုလည်း ဒရုန်းတွေနဲ့ ဗုံးသီးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

“ဒရုန်းနဲ့ မော်တော်တွေပေါ်ချတယ်၊ မော်တော်ပေါက်ပြီးတော့ စက်ချို့ယွင်းသွားတယ်လို့ကြားတယ်” လို့ MGN Tiger ဒုတပ်ရင်းမှူး ဗိုလ်ကျော်ကြီးက ပြောပါတယ်။

အထက်ပါဆင်မင်းစစ်ဆင်ရေးကို မြင်းခြံခရိုင် အမှတ် ၂ တပ်ရင်း MGN Tiger ၊ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း ၊ Burmese Guerrilla Force- BGF ၊Myingyan District Drone Strike -အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့ ၊ CDSOM 001 ဒရုန်းတပ်ဖွဲ့ ၊ Myingyan Danger Dynamite ၊ မိုင်းဇာနည်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #မြင်းခြံခရိုင်#ဆင်မင်းစစ်ဆင်ရေး #စစ်တပ် #PDF #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10