သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကို လက်နက်တပ်ဆင်ပေးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်ကစပြီး စစ်ကောင်စီက မြင်းခြံမြို့တောင်ဘက်ကကျေးရွာတွေကို စစ်ကြောင်းထိုးလာရာက တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။
မြင်းခြံမြို့နယ်က ပြည်သူ့စစ်တွေကို လက်နက်တပ်ဆင်ပေးတဲ့အခမ်းအနားကို ခမရ ၁၅ တပ်ထဲမှာ ပြုလုပ်ခဲ့ပြီးနောက် အဲ့ဒီညပိုင်းမှာပဲ မြင်းခြံမြို့တောင်ဘက်က ကူရွာ၊ ကွမ်းစိုက်ရွာတွေဘက်ကို စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။
နိုဝင်ဘာ ၁၃ ရက်ဒီနေ့အထိ တိုက်ပွဲဖြစ်နေကာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ မြင်းခြံ Black Tiger အဖွဲ့ကပြောပါတယ်။
"အခုထိ လေယာဥ် ၁၂ ခေါက်ရှိပြီ။ အလုံးပေါင်း ၁၀၀ကျော် ကြဲချထားတယ်။ ဒရုန်းတွေနဲ့ ကြဲတယ်။ မြင်းခြံမြို့ပေါ်ကနေ ဟောင်ဝစ်ဇာနဲ့ လှမ်းပစ်တယ်။ အခုထိကတော့ တိုက်ပွဲပြင်းထန်နေတုန်းပါ။"လို့ Black Tiger အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
တိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးရဲဘော်တွေရှေ့တန်းမှာပဲရှိနေသေးတာကြောင့် အသေးစိတ်အခြေအနေကို ပြောလို့မရသေးဘူးလို့လည်း ဆိုပါတယ်။
ဒီနေ့နေ့လယ်ပိုင်းအထိ တိုက်ပွဲဖြစ်တဲ့ ကွမ်းစိုက်ရွာအနီးမှာ လေယာဥ်တွေလည်း ဆက်တိုက်ဝဲနေတယ်လို့ သိရပါတယ်။
ကွမ်းစိုက်ရွာဟာ မြင်းခြံမြို့ရဲ့တောင်ဘက် ၅ မိုင်ခန့်အကွာမှာရှိပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့စိုးမိုးနယ်မြေဖြစ်တာကြောင့် အဲဒီရွာကိုစစ်တပ်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတာလို့ သိရပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့ကိုလည်း နိုဝင်ဘာ ၁၁ ရက် ညပိုင်းမှာ စစ်တပ်ကလေကြောင်းနေ တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ ၉ ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့ပါသေးတယ်။
နိုဝင်ဘာလအတွင်း မန္တလေးတိုင်းအတွင်းက တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ မတ္တရာ၊ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ ငါန်းဇွန် မြို့နယ်အပါအဝင် မန္တလေးတိုင်းအတွင်းက မြို့နယ်တချို့ကို စစ်တပ်က လေကြောင်းပစ်ကူ အဓိကသုံးပြီး တရစပ် စစ်ကြောင်းထိုးတိုက်ခိုက်မှုတွေ လုပ်နေတာလည်းဖြစ်ပါတယ်။
ပုံစာ - စစ်ကောင်စီတပ်သုံး SU-30 SME အမျိုးအစား ဂျက်ဖိုက်တာ။ (ဓါတ်ပုံ - အင်တာနက်)
စာတည်း - လင်း
#မြေလတ်အသံ
#မြင်းခြံ #တိုက်ပွဲ #ပျူစောထီး #လေကြောင်းတိုက်ခိုက်မှု
Share Share Share