မြင်းခြံမှာ ၁ ပတ်ကြာတိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးတပ်တွေဘက်က ရွာ ၃ ရွာဆုတ်ထားပေးရ

မြင်းခြံမှာ ၁ ပတ်ကြာတိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးတပ်တွေဘက်က ရွာ ၃ ရွာဆုတ်ထားပေးရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းမှာ နိုဝင်ဘာ ၁၈ ရက်ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေး အဖွဲ့တွေဘက်က ရွာ ၃ ရွာ ဆုတ်ခွာပေးထားရတယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ 

မြင်းခြံမြို့၊ ခမရ ၁၅ မှာ ပျူစောထီးအဖွဲ့တွေကို လက်နက်တပ်ဆင်ပေးတဲ့ အခမ်းအနားအပြီး နိုဝင်ဘာ ၁၁ ရက် ညပိုင်းကစတင်ကာ စစ်ကောင်စီတပ်သားတွေက မြင်းခြံမြို့တောင်ဘက်က ကူရွာကို စတင်စစ်ကြောင်းထိုးလာပြီးနောက်မှာ တိုက်ပွဲစတင်ခဲ့တာပါ။ 

မြင်းခြံမြို့တောင်ဘက် ၄ မိုင်အကွာရှိ ကူရွာနဲ့ ကွမ်းစိုက်ရွာကို နိုဝင်ဘာ ၁၃ ရက်မှာ ဆုတ်ခွာခဲ့ပြီး ခြေဆေးရွာကိုတော့ ဒီနေ့မှာဆုတ်ခွာခဲ့ရတာလို့ ဆိုပါတယ်။ အဲ့ဒီကျေးရွာတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားနိုင်တဲ့ကျေးရွာတွေဖြစ်တယ်လို့ သိရပါတယ်။ 

ကူရွာကို စစ်ကြောင်းစဝင်ပြီးတဲ့နောက် တော်လှန်ရေးတပ်ဖွဲ့တွေဟာ ကွမ်းစိုက်ရွာဘက်ကနေ ခုခံခဲ့ကြကာ စစ်ကောင်စီဘက်က ဒီနေ့အထိ လေယာဉ်နဲ့ ဆက်တိုက်ဗုံးကြဲတာတွေကြောင့် တပ်ဖွဲ့တွေ ဆုတ်ခွာခဲ့ရတာလို့ ဆိုပါတယ်။ 

"စစ်တပ်အင်အားက သံချပ်ကာမပါရုံပဲဗျာ။ ကျန်တာ အကုန်ပါတယ်။"လို့ Myingyan Black Tiger အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

တိုက်ပွဲပတ်သက်တဲ့ အသေးစိတ်အခြေအနေတွေ၊ လေကြောင်းတိုက်ခိုက်မှုနဲ့ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။ 

မြင်းခြံမြို့အရှေ့ထိပ်က သဲတောရွာ၊ ခင်မကန်ရွာဘက်မှာလည်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေက နိုဝင်ဘာ ၁၅ ရက်ကစတင်ကာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး ဒီနေ့အထိ အဲ့ဒီစစ်ကြောင်းရှိနေသေးတယ်လို့ သိရပါတယ်။

ပုံစာ - ခြေဆေးရွာကို စစ်ကြောင်းထိုးဝင်ရောက်သိမ်းပိုက်ခဲ့ပြီးနောက် နိုဝင်ဘာ ၁၈ ရက်တွင်တွေ့ရသော စစ်ကောင်စီတပ်သားများနှင့် ရွာမြင်ကွင်း။

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #မြင်းခြံ #စစ်တပ် #ပျူစောထီး #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10