သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံ-နဘူးအိုင်လမ်းပေါ်မှာ စစ်ကောင်စီကင်းပုန်းနဲ့တိုးပြီး ပစ်ခံရတဲ့အတွက် PDF တပ်ဖွဲ့ဝင် ၂ ဦးကျဆုံးခဲ့တယ်လို့ အညာဒေသတော်လှန်ရေးအင်အားစု ADF တာဝန်ရှိသူဆီက သိရပါတယ်။
ဒီဇင်ဘာ ၃၀ ရက် မနေ့ကမနက် ၉ နာရီခွဲလောက်မှာ လမ်းကြောင်းကိစ္စနဲ့အသွား ကျောက်ကန်ရွာထိပ်အရောက်မှာ အင်အား ၁၅ ဦးခန့်ရှိ စစ်ကောင်စီကင်းပုန်းရဲ့ စောင့်ကြိုပစ်ခတ်တာကို ခံလိုက်ရတယ်လို့ ဆိုပါတယ်။
"သူတို့က ကင်းပုန်းဆိုတော့ အသာစီးရသွားပြီး ပစ်ခံလိုက်ရတာ။ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့သေးတယ်။ သူတို့ဘက်ထိခိုက်မရှိဘဲ ကိုယ့်ဘက်က ၂ ယောက်ကျသွားတယ်။ PDF တွေအသွားအလာရှိတဲ့နေရာကို ဒီကောင်တွေက လေးငါးဆယ်ယောက်လောက်နဲ့ ကင်းပုန်းဝပ်ပြီး အပိုင်ယူထားတဲ့သဘောပါ။ ခါတိုင်းဆို သတင်းရတယ်။ ဖြစ်တဲ့နေ့က ဘယ်ကနေဘယ်လို ရောက်နေတယ်ဆိုတာ မသိလိုက်ရတာ။"လို့ အညာဒေသတော်လှန်ရေးအင်အားစု ADF တာဝန်ရှိက ပြောပါတယ်။
စစ်ကောင်စီကင်းပုန်းက ပစ်ခတ်လို့ ADF အဖွဲ့က အသက် ၂၂ နှစ်အရွယ်တပ်ဖွဲ့ဝင် စိုးမိုးအောင်နဲ့ မုံရွာခရိုင်တပ်ရင်း ၁၇ က အသက် ၂၅ နှစ်အရွယ် တပ်ဖွဲ့ဝင် ဖိုးချဲတို့ ကျဆုံးခဲ့ပြီး ကျန်တပ်ဖွဲ့ဝင်တွေကတော့ လွတ်မြောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
"သူတို့(စကစ)က မြင်မြင်ချင်းပစ်တာမျိုး မဟုတ်ဘူး။ မလှမ်းမကမ်း မီတာ ၂၀ လောက်အကွာဝေးတော့မှ ပစ်တာမျိုး။ အပိုင်စောင့်ပြီး ပစ်ခံရတယ်။"လို့ သူကဆက်ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးပြီး စစ်ကောင်စီတပ်သားတွေ ပြန်လည်ဆုတ်ခွာသွားမှ အခြေအနေစောင့်ကြည့်ပြီး ကျဆုံးတပ်ဖွဲ့ဝင်တွေရဲ့အလောင်းကို ပြန်ကောက်ယူလာခဲ့တယ်လို့ ဆိုပါတယ်။
ကျဆုံးသူ ၂ ဦးရဲ့ ဈာပနကိုတော့ ဒီဇင်ဘာ ၃၁ ရက် ဒီမနက်ပိုင်း ၉ နာရီကျော်ခန့်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
မြင်းခြံ-နဘူးအိုင် ကားလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ရှောင်တခင်စစ်ဆေးမှု လုပ်တာမျိုးတွေရှိသလို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ်တွေလည်း ရှိတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာ ၁၅ ရက်ကလည်း မြင်းခြံမြို့နယ်၊ မကျီးစုကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မြင်းခြံ #စစ်တပ် #ကင်းပုန်း #ပစ်ခတ်
Share Share Share