မြင်းခြံမှာ တပ်သတင်းပေးအဖြစ် သတ်မှတ်ခံရသူလင်မယား အသတ်ခံရ

မြင်းခြံမှာ တပ်သတင်းပေးအဖြစ် သတ်မှတ်ခံရသူလင်မယား အသတ်ခံရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဇလပ်ကုန်းကျေးရွာက စစ်တပ်သတင်းပေးလို့ သတ်မှတ်ခံထားရတဲ့ လင်မယား ၂ ဦး သေနတ်နဲ့ပစ်သတ်ခံရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။

ဒီဇင်ဘာ ၅ ရက် မနက် ၄ နာရီခန့်မှာ ဇလပ်ကုန်းရွာနေ ဦးသန်းဇော် ၄၇ နှစ်နဲ့ ဇနီးဖြစ်သူ ဒေါ်ညိုညိုစန်း ၅၀ နှစ်တို့ကို လက်နက်ကိုင်ဆောင်ထားသူတွေက နေအိမ်ကနေဖမ်းခေါ်သွားပြီး လမ်းပေါ်မှာပစ်သတ်သွားတာလို့ ဆိုပါတယ်။

"သူတို့အိမ်နားက လမ်းပေါ်မှာပဲ ပစ်သတ်ခံလိုက်ရတာ။ နေရာမှာပဲ နှစ်ယောက်စလုံး သေသွားတာ"လို့ ဒေသကာကွယ်ရေး အဖွဲ့ဝင်တဦးက ပြောပါတယ်။

သေနတ်နဲ့ပစ်ခံရလို့ ဦးသန်းဇော်တို့ လင်မယား ၂ ဦးမှာ ဦးခေါင်းနဲ့ရင်ဘတ်တွေမှာ ကျည်ထိဒဏ်ရာတွေနဲ့ သေဆုံးသွားပါတယ်။

ဦးသန်းဇော်တို့လင်မယားဟာ ဒေသကာကွယ်ရေးအဖွဲ့တွေက စစ်တပ်သတင်းပေးဟု သတ်မှတ်ခံထားရသူဖြစ်ပေမယ့် တောင်သူအလုပ်လုပ်ကိုင်ကြသူတွေဖြစ်တယ်လို့ သိရပါတယ်။

“ သူတို့နေတဲ့ရွာက ဆီမီးခုံစစ်ကောင်စီအဖွဲ့နဲ့နီးတော့ သူတို့တွေနဲ့အဆက်ဆံအပတ်သက်ရှိတာကြောင့် ဒလန်လို့ သတ်မှတ်ထားတာလို့ သိရတယ်” လို့ သူက ဆိုပါတယ်။

အဆိုပါ လင်မယားကို ပစ်သတ်ခဲ့တာနဲ့ပတ်သက်ပြီး ဒေသတွင်းတော်လှန်ရေးအင်အားစုအဖွဲ့တွေ ဘက်က ထုတ်ပြန်လာတာမျိုးတော့ မတွေ့ရသေးပါဘူး။

စက်တင်ဘာ ၆ရက်ကလည်း နွားထိုးကြီးမြို့နယ်၊ မင်းတဲကျေးရွာသွားလမ်းဘေးဇရပ်အနီးမှာ မြင်းခြံမြို့နယ်၊ ပျားကျေးရွာက ရပ်ကျေးစာရေး ဦးသန်းကြိုင်ဆိုသူဟာ ဖမ်းဆီးပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မြင်းခြံ #တပ်သတင်းပေး #သတ်မှတ်ခံရသူ #လင်မယား #အသတ်ခံရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10