မြင်းခြံမှာ ထွေအုပ် ရပ်/ကျေးစာရေး ၁ ဦးအသတ်ခံရ

မြင်းခြံမှာ ထွေအုပ် ရပ်/ကျေးစာရေး ၁ ဦးအသတ်ခံရ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ပျားကျေးရွာက စစ်ကောင်စီအထွေထွေအုပ်ချုပ်ရေးဌာန၊ ရပ်/ကျေးစာရေးဝန်ထမ်း ၁ ဦး ဖမ်းဆီးအသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စက်တင်ဘာ ၅ ရက် ညနေ ၆ နာရီခန့်မှာ အသက် ၄၈ ခန့်အရွယ်ရှိ ပျားကျေးရွာ ထွေအုပ်ရပ်/ကျေးစာရေးဖြစ်သူ ဦးသန်းကြိုင်ကို နေအိမ်မှာရှိနေချိန် လက်နက်ကိုင်အဖွဲ့တခုက ဖမ်းခေါ်သွားခဲ့ပြီးနောက် စက်တင်ဘာ ၆ ရက် ဒီနေ့ မနက် ၆ နာရီခန့်မှာတော့ နွားထိုးကြီးမြို့နယ်၊ မင်းတဲကျေးရွာသွားလမ်းဘေးဇရပ်အနီးမှာ သေဆုံးလျက်ပြန်တွေ့ရတယ်လို့ ဆိုပါတယ်။

"စစ်ကောင်စီစစ်ကြောင်းက ပျားကျေးရွာကနေ မနက်ပိုင်းက ပြန်ထွက်သွားပြီး ညနေမှာ ဖမ်းဆီးခံလိုက်ရတာ။ သူက စာရေးဆိုတော့ စကစလာလည်း ခိုင်းတာလုပ်၊ အုပ်ကြီးခိုင်းတာလည်း လုပ်ပေါ့။ အခြား စကစအားကိုးနဲ့ ဘာလုပ်လဲဆိုတာကတော့ သေချာမသိရဘူး"လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီဝန်ထမ်း ဦးသန်းကြိုင်ကို ဦးခေါင်းနဲ့ မျက်နှာတွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေနဲ့ ရုပ်အလောင်း ပြန်လည်တွေ့ရှိခဲ့တာလို့ သိရပါတယ်။

ဦးသန်းကြိုင်အလောင်းကို လမ်းသွားလမ်းလာဒေသခံတွေက တွေ့ရှိပြီးနောက် စစ်ကောင်စီအဖွဲ့တွေ လာရောက်စစ်ဆေးကာ အလောင်းကို ကောက်ယူသွားတယ်လို့ ဆိုပါတယ်။

ဩဂုတ် ၂ ရက်ကလည်း မြင်းခြံမြို့နယ်၊ နှပ်ချိုတောကျေးရွာမှာ စက်ချုပ်လုပ်ငန်းလုပ်တဲ့ အမျိုးသမီး ၂ ဦးကို ဒလန်လုပ်တယ်ဆိုပြီး လက်နက်ကိုင်အဖွဲ့တခုက နေအိမ်မှာ ပစ်သတ်သွားပါသေးတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မြင်းခြံ #ထွေအုပ် #ရပ်ကျေးစာရေး #အသတ်ခံရ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10