မြင်းခြံမှာ ပျူစောထီးဆိုသူတွေက သားအဖ ၂ ဦးကို သတ်ပြီး ရွှေထည်နဲ့ ငွေတွေပါသိမ်းယူ

မြင်းခြံမှာ ပျူစောထီးဆိုသူတွေက သားအဖ ၂ ဦးကို သတ်ပြီး ရွှေထည်နဲ့ ငွေတွေပါသိမ်းယူ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နဘူးအိုင်ကျေးရွာက နေအိမ်တအိမ်ကို ပျူစောထီးအဖွဲ့ဝင်တွေက ဝင်ရောက်ပြီး ရွှေ ၅ ကျပ်သားနဲ့ ပိုက်ဆံသိန်း ၃၀ ကို သိမ်းယူကာ အိမ်ရှင် သားဖ ၂ ဦးကိုလည်း ဖမ်းဆီး သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၂၄ ရက်ည ၈ နာရီလောက်မှာ မြင်းခြံကပျူစောထီးခေါင်းဆောင် ဝင်းကြိုင်နဲ့ အဖွဲ့သား တွေက အထက်ပါ သားဖနှစ်ဦးနေထိုင်ရာ နေအိမ်ကို ဝင်ရောက်ကာ ပစ္စည်းယူ၊ လူတွေကို ဖမ်းဆီးသွားပြီးမှ လမ်းခုလတ်တနေရာမှာ သတ်ခဲ့တာလို့ ဆိုပါတယ်။ 

"အသတ်ခံရတဲ့ သားဖ ၂ ယောက်က PDF နဲ့လည်း မပတ်သက်ဘူးဗျ။ စားသောက်ဆိုင်ရောင်းပြီး စီးပွားရေး လုပ်နေတာ။ အဲ့ဒါကို ပျူတွေက ဖမ်းပြီးတော့ ဓားနဲ့ထိုးပြီး သေနတ်နဲ့ပါ ပစ်သတ်သွားတာ" လို့ နဘူးအိုင်ကျေးရွာက အမျိုးသားတဦးက ပြောပါတယ်။

အသတ်ခံရသူတွေဟာ ဖခင်ဖြစ်သူ ဦးလှနီ ၆၀ နှစ်နဲ့ သားဖြစ်သူ ကိုသိန်းဝေဦး ၂၅ နှစ်တို့ဖြစ်ပြီး သူတို့နေအိမ်နဲ့ ၁ မိုင်လောက်ဝေးတဲ့ ပေါက်စိမ်းလမ်းခွဲအနီးမှာ အသတ်ခံခဲ့ရတာပါ။  

ဒါ့အပြင် သူတို့ဆီကနေ ရွှေဆွဲကြိုး ၃ ကုံး၊ လက်ကောက် ၃ ရံ စုစုပေါင်း ရွှေ ၅ ကျပ်သားကျော်နဲ့ ငွေသားသိန်း ၃၀ တို့ကို ပျူစောထီးအဖွဲ့က တောင်းယူခဲ့တာလို့ သိရပါတယ်။ 

အလောင်းတွေကိုတော့ စက်တင်ဘာ ၂၅ ရက်မနက်ပိုင်းမှာ ရွာသားတွေက တွေ့ရှိပြီး မြင်းခြံမြို့ပြည်သူ့ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ခဲ့ပါတယ်။ အဲ့ဒီကနေမှ မိသားစုဝင်တွေက နေအိမ်ကို ပြန်သယ်ခဲ့ပြီး စက်တင်ဘာ ၂၆ ရက်နေ့လယ် ၃ နာရီလောက်မှာ သင်္ဂြိုဟ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #မြင်းခြံ #နဘူးအိုင် #သားအဖ #သတ်ဖြတ် #ပျူစောထီး #ပစ္စည်းယူ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10