မြင်းခြံမှာ လေကြောင်းတိုက်ခိုက်ခံရလို့ အမျိုးသမီး ၁ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရပြီး နွား ၂၈ ကောင်လည်း သေဆုံး

မြင်းခြံမှာ လေကြောင်းတိုက်ခိုက်ခံရလို့ အမျိုးသမီး ၁ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရပြီး နွား ၂၈ ကောင်လည်း သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ချေဆေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦး သေဆုံး၊ ၃ ဦးဒဏ်ရာရရှိခဲ့ကာ နွား ၂၈ ကောင်လည်းသေဆုံးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီကနေ့ စက်တင်ဘာ ၂၂ ရက် မနက် ၈ နာရီလောက်မှာ ရဟတ်ယာဥ် ၂ စီးနဲ့ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရွာနံဘေးမှာ ပေါက်တူးပေါက်နေတဲ့ အမျိုးသမီး ၄ ဦးကို ထိမှန်ခဲ့ကာ အဲ့ဒီထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

" ခြေထောက်ပြတ်တဲ့ အမျိုးသမီး ၂ ဦး၊ ညာဘက်လက် အစမှန်ပြီး ဂျိုင်းဆက်ကနေ ပြုတ်သွားတယ်။ ခါးရိုးထွက်သွားတာက ၁ ယောက်ပါတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

အဆိုပါ အမျိုးသမီး ၄ ဦးလုံးမှာ ရရှိဒဏ်ရာတွေပြင်းထန်တာကြောင့် အခြေအနေစိုးရိမ်ရကာ ၁ ဦးမှာ ဆေးကုသစဥ် သေဆုံးခဲ့တာဖြစ်ပြီး သေဆုံး၊ဒဏ်ရာရသူတွေရဲ့ အချက်အလက်အသေးစိတ်တွေကိုတော့ မသိရသေးပါဘူး။

မြင်းခြံမြို့နယ်အတွင်းမှာ တိုက်ပွဲမရှိဘဲ ဒီနေ့မနက်ကတည်းက လေကြောင်းတိုက်ခိုက်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာမှာ ပုန်းနေရှောင်ထွက်ပြေးနေရကာ နေ့လယ် ၁၁ နာရီလောက်မှာလည်း ထပ်မံလေကြောင်းဗုံးကြဲမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၂၀၊ ၂၁ ရက်တွေမှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် မတ္တရာ၊ စဉ့်ကူးနဲ့ ငါန်းဇွန်မြို့နယ်တွေအတွင်းက ပြည်သူ ၁၇ ဦး သေဆုံးခဲ့ပါသေးတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မန္တလေး #မြင်းခြံ #ချေဆေးရွာ #လေကြောင်းတိုက်ခိုက်မှု 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10