မြင်းခြံမှာ အိမ်စီးကားနဲ့လာတဲ့စစ်အုပ်စုကို စောင့်ကြိုပစ်ခတ်လို့ ၆ ဦးသေဆုံးကာ လက်နက်၊ခဲယမ်းတွေရရှိ

မြင်းခြံမှာ အိမ်စီးကားနဲ့လာတဲ့စစ်အုပ်စုကို စောင့်ကြိုပစ်ခတ်လို့ ၆ ဦးသေဆုံးကာ လက်နက်၊ခဲယမ်းတွေရရှိ

မန္တလေးတိုင်း၊ မြင်းခြံမြို့အထွက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ အိမ်စီးကား ၁ စီးကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၆ ဦးသေဆုံးတယ်လို့ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

မတ် ၁၁ ရက် မနေ့ နေ့လယ် ၁၁ နာရီလောက်မှာ (Kluger)ကလူဂါအမျိုးအစားအိမ်စီးကားနဲ့ လိုက်ပါလာတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကို မြင်းခြံမြို့အထွက် မြင်းခြံ-မြို့သာလမ်းပိုင်းမှာ သတင်းအရစောင့်ကြိုပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ ကျနော်တို့ အထောက်တွေဆီက သတင်းရလို့ စောင့်ကြိုပစ်ခတ်ခဲ့တာပါ။ ကားပေါ်မှာပါတဲ့ စစ်ကောင်စီတပ်သား ၆ ဦးကတော့ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားပါတယ်။ သိမ်းဆည်းရမိသေနတ်တွေအရ စစ်တပ်ကပဲဖြစ်ဖို့များတယ်၊ ပျူတွေတော့မဟုတ်ဘူး” လို့ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။

ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သားတွေဘက်က ပြန်လည်ပစ်ခတ်မှုတွေရှိပေမယ့် ကားပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးကို အသေပစ်ခတ်နိုင်ခဲ့ပြီး အခင်းဖြစ်ပွားရာလမ်းပိုင်းမှာ ခရီးသွားပြည်သူတွေရှိနေတဲ့အတွက် အိမ်စီးကားနဲ့ စစ်ကောင်စီတပ်သားတွေရဲ့ရုပ်အလောင်းတွေကို နေရာမှာပဲထားခဲ့ကာ ပြန်လည်ဆုတ်ခွာလာခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ အိမ်စီးကားပစ်ခတ်ခံရတာနဲ့ပတ်သက်ပြီး မြင်းခြံမြို့ခံတဦးက “ ပစ်ခံရတာက ဟုတ်တယ်။ ဖြစ်တာက မြင်းခြံနဲ့နဘူးအိုင်ကြားမှာ။ စစ်တပ်ကကားဖြစ်ဖို့များတယ်။ သူတို့ဘာသာ အလောင်းသယ်နေကြတယ်လို့ သိရတယ်” လို့ ပြောပါတယ်။

ပစ်ခတ်မှုပြီးနောက် စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကိုင်ဆောင်လာတဲ့ MA 1 ၁ လက် ၊ MA 2 ၁ လက် ၊ MA 3 ၁ လက်၊ G3 ၂ လက်၊ Type 81 ၁ လက် ၊ MA 5(ပစ္စတို) ၁ လက် ၊ ၅.၅၆ မမ ကျည် ၉၆ တောင့် ၊ ၇.၆၂ ကျည် ၂၁၉ တောင့် ၊ ကျည်ဘောက် ၁၃ ခု၊ ဖုန်း ၄ လုံး ၊ ပါဝါဘန့်ခ် ၁ လုံး ၊ စကားပြောစက် ၁ လုံးနဲ့ ငွေကျပ် ၅ ထောင် တို့ကို သိမ်းဆည်းရခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုမှာ အနောက်မြောက်စစ်ဒေသ၊ PLA ရဲခေါင်ပြောက်ကျားတပ်ဖွဲ့ ၊ ဗမာ့လွတ်မြောက်ရေးတပ်ဖွဲ့၊ လွတ်လပ်ရေးတပ်တော်၊ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့  ၊ မြင်းခြံ 35 တပ်ဖွဲ့ နဲ့ BGF အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက် နေ့လယ်ပိုင်းကလည်း မန္တလေးကနေ အိမ်စီးကားနဲ့ပြန်လာတဲ့ ရဲတွေကို မြင်းခြံ-ဆီမီးခုံလမ်းပိုင်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့လို့ ရဲမေတွေအပါအဝင် ရဲ ၆ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့ပါသေးတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မန္တလေး #မြင်းခြံ #စစ်ကောင်စီ #အိမ်စီးကား #စောင့်ကြိုပစ်ခတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10