မြင်းခြံမှာ ၃ ရက်အတွင်း အမျိုးသမီး ၄ ဦးအပါအဝင် ၁၀ ဦးအသတ်ခံရ

မြင်းခြံမှာ ၃ ရက်အတွင်း အမျိုးသမီး ၄ ဦးအပါအဝင် ၁၀ ဦးအသတ်ခံရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ သစ်ရုံးကျေးရွာ၊ မကျီးသမျှားကျေးရွာနဲ့ တူရွင်းဘိုကျေးရွာတွေအနီးမှာ ဇန်နဝါရီ ၂၇ ရက်ကနေ ၂၉ ရက်အတွင်း အမျိုးသမီး ၄ ဦးအပါအဝင် ၁၀ ဦး အသတ်ခံရတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ဇန်နဝါရီ ၂၉ ရက်မနက် ၈ နာရီခန့်မှာ တူရွင်းဘိုကျေးရွာအနောက်ဘက်ရှိ ပေ ၁၀၀ လမ်းမဘေးမှာ သေနတ်နဲ့အနီးကပ်ပစ်သတ်ခံထားရတဲ့ တူရွင်းဘိုရွာသူ အမျိုးသမီး ၄ ရဲ့ အလောင်းကို ဒေသခံတွေကတွေ့ရှိခဲ့ပါတယ်။ 

သေဆုံးသူတွေဟာ မအိမေဂျာ အသက် ၂၄ နှစ်၊ ဒေါ်ခင်ဆွေဝင်း အသက် ၄၆ နှစ်၊ ဒေါ်ညွန့်မေ အသက် ၆၂ နှစ်၊ မဇင်မာတင် အသက် ၃၀ နှစ် တို့ဖြစ်ပြီး ဦးခေါင်းနဲ့မျက်နှာတွေမှာ ကျည်ဖောက်ဝင် ဒဏ်ရာတွေနဲ့ သေဆုံးနေခဲ့တာပါ။

" သေဆုံးသူတွေထဲမှာ သားအမိနှစ်ယောက်ပါတယ်။ သူတို့က ဆေးလိပ်အငှားလိပ်သူတွေနဲ့ စျေးသည်  တွေပါ။ ရိုးရိုးသားသား ဒေသခံတွေပါပဲ။ နိုင်ငံရေးအရောင်မရှိဘူး "လို့ ဒေသခံတဦးက ပြောပါတယ်။

အမျိုးသမီး ၄ ဦးကို ဘယ်လက်နက်ကိုင်အဖွဲ့က သတ်သွားတယ်ဆိုတာကို ဇန်နဝါရီ ၃၁ ရက် ဒီနေ့အထိ မသိရသေးပါဘူး။ 

အမျိုးသမီးတွေရဲ့အလောင်းတွေကိုတော့ ဒေသခံတွေကကောက်ယူပြီး မြင်းခြံဆေးရုံကို ပို့ပေးခဲ့ရပြီး နောက်တရက်မှာတော့ မိသားစုဝင်တွေက အလောင်းတွေပြန်သယ်သွားပြီး နာရေးကိစ္စတွေ ပြုလုပ်တယ်လို့ သိရပါတယ်။

အလားတူ ဇန်နဝါရီ ၂၇ ရက်မှာလည်း မြင်းခြံမြို့နယ်၊ မြင်းခြံ-မကျီးသမျှား လမ်းဘေး၊ မကျီးသမျှားရွာအနီးမှာ သေနတ်နဲ့ပစ်သတ်ခံထားရတဲ့ လူငယ် ၅ ဦးအလောင်းကို ဒေသခံတွေက တွေ့ရှိခဲ့ပါတယ်။ 

သေဆုံးသူတွေဟာ တောင်သာမြို့နယ်၊ အုတ်တိုက်တော ကျေးရွာနဲ့ မြင်းခြံမြို့ အမှတ် ၂ ရပ်ကွက်က အသက် ၁၉ နှစ်အရွယ် မောင်တင်မျိုးခိုင်၊ မောင်ခန့်ချောနဲ့ မောင်မြတ်သူ၊ အသက် ၂၂ နှစ်အရွယ် မောင်မွှားတားနဲ့ အသက် ၂၅ နှစ်အရွယ် မောင်ခိုင်ဝေဖြိုးတို့ ဖြစ်ပြီး ဦးခေါင်းပွင့်ထွက် သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေခဲ့တာပါ။ 

"သိရသလောက်က သူတို့တွေက အချိန်မတော် KTV က ပြန်လာတာ စစ်အုပ်စုလှည့်ကင်းနဲ့တွေ့ပြီး ဖမ်းခံရတယ်။ အဲ့နောက်မှာ အလောင်းကိုပဲ ပြန်တွေ့ရတယ်လို့ သိရတယ်။ အသေးစိတ်ကတော့ သေချာမသိရဘူး"လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၂၇ ရက် မနက်ပိုင်းမှာတင် သစ်ရုံးကျေးရွာအဝင် ဆိုင်းဘုတ်အနီးမှာ အသက် ၃၀ အရွယ် အမျိုးသား ၁ ဦး ဦးခေါင်းနဲ့ရင်ဘတ်ပွင့်ထွက်ဒဏ်ရာနဲ့ သေဆုံးနေတာကို ဒေသခံတွေက တွေ့ခဲ့ရပြီး ဘယ်အဖွဲ့အစည်းက သတ်ဖြတ်တယ်ဆိုတာကို မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ 

အသတ်ခံရသူတွေဟာ သာမန်အရပ်သားတွေသာဖြစ်ပြီး စစ်ကောင်စီဘက်ရော တော်လှန်ရေးဘက်နဲ့ပါ ပတ်သက်နေသူတွေ မဟုတ်ဘူးလို့လည်း သိရပါတယ်။ 

ပုံစာ - ဇန်နဝါရီ ၂၉ ရက်ကတွေ့ရှိခဲ့သည့် တူရွင်းဘိုရွာသူ အမျိုးသမီး ၃ ဦး၏ အလောင်း။

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #မြင်းခြံ #ဒေသခံ #အမျိုးသမီး #အမျိုးသား #အသတ်ခံရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10