မြင်းခြံမှာ PDF ၅ ဦး တိုက်ခိုက်ခံရလို့ သေဆုံးပြီး လက်နက်တွေပါသိမ်းခံလိုက်ရ

မြင်းခြံမှာ PDF ၅ ဦး တိုက်ခိုက်ခံရလို့ သေဆုံးပြီး လက်နက်တွေပါသိမ်းခံလိုက်ရ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ယုံထိုးကျေးရွာ သင်္ချိုင်းအနီးမှာ စစ်ကောင်စီတပ်သားတွေရဲ့ တိုက်ခိုက်တာကိုခံရပြီး ရဲဘော် ၅ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရသွားတယ်လို့ 27 Revolution Force အဖွဲ့ဆီက သိရပါတယ်။

ဇွန်လ ၂၀ ရက် ည ၇ နာရီခွဲခန့်မှာ မစ်ရှင်လုပ်ပြီးပြန်လာတဲ့ မြင်းခြံခရိုင် တပ်ရင်း ၁ (27 Revolution Force)နဲ့ မြင်းခြံခရိုင် တပ်ရင်း ၈ က ရဲဘော်တွေဟာ ယုံထိုးကျေးရွာလမ်းအတိုင်း ဆိုင်ကယ်တွေနဲ့ ပြန်လာချိန်မှာ စစ်ကောင်စီအင်အား ၂၀ ကျော်လောက်က အသင့်စောင့်ကြို ပစ်ခတ်တာကို ခံလိုက်ရတာလို့ ဆိုပါတယ်။

"စကစဘက်က သင်္ချိုင်းကုန်းနားက လယ်ကသင်းကုန်းကို အကာအကွယ်ယူပြီး စောင့်နေတာ။ သတင်းပေါက်သွားတာဖြစ်နိုင်တယ်။ ကျနော်တို့ဘက်က ရဲဘော်တွေက ၁၀ ဦး ဆိုင်ကယ်နဲ့လာတာ။ မြင်လဲ မြင်ရော စကစ ဘက်က အော်တိုတွေနဲ့ပဲ အသားကုန်ပစ်ကြတာ။ ရှေ့ကသွားတဲ့ ဆိုင်ကယ် ၂ စီး ရဲဘော် ၄ ဦးက လွတ်သွားတယ်" လို့ 27 Revolution Force မှ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

ပစ်ခတ်တာခံရပြီး ရဲဘော်ပီကေ ၂၆ နှစ်၊ ဦးဖက် ၂၅ နှစ်၊ ကိုထူး ၃၆ နှစ်၊ ကိုကို ၃၂ နှစ်၊ ရှိုင်းကိုကို ၂၄ နှစ်တို့ သေဆုံးပြီး ရဲဘော်တဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

"စကစ ဝိုင်းပစ်တဲ့နေရာမှာ ရဲဘော် ၄ ဦးက ကျဆုံးပြီးကျန်ခဲ့တယ်။ ၂ ယောက်က ဒဏ်ရာနဲ့ စခန်းပြန်ရောက်လာတယ်။ အဲ့ထဲကမှ သွေးထွက်လွန်ပြီး တယောက်ထပ်ကျသွားတယ်။ ဒဏ်ရာရ ရဲဘော်တယောက်တော့ ဆေးကုသမှုလုပ်ပေးနေတယ်"လို့ အထက်ပါ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။

သေဆုံးရဲဘော်တွေမှာ တပ်ရင်း ၁ က ၃ ဦးနဲ့ တပ်ရင်း ၈ က ၂ ဦးဖြစ်ပြီး၊ ဘယ်သူက ဘယ်အဖွဲ့ကလဲ ဆိုတာကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

ပစ်ခတ်မှုဖြစ်တဲ့နေရာမှာကျန်ခဲ့တဲ့ ရဲဘော်တွေရဲ့ ရုပ်အလောင်းတွေကိုတော့ ပြန်မရဘဲ စစ်ကောင်စီဘက်က ရွာသားတွေကို အတင်းဖိအားပေး မီးရှို့ခိုင်းတာကြောင့် ရွာသားတွေကပဲ မီးရှို့လိုက်ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် PDF ရဲဘော်တွေရဲ့ ဆိုင်ကယ် ၃ စီး၊ M 79 လောင်ချာ ၂ လက်၊ သေနတ်အတို ၂ လက်အပါအဝင် စုစုပေါင်းသေနတ် ၇ လက်၊ ဒရုန်း ၁ စီး၊ ၄၀ မမ ဗုံးသီး ၂ လုံး၊ ဒရုန်းဗုံးသီး ၄ လုံး၊ ကျည်တွေနဲ့ ကျည်ဘောက်တွေကို စစ်ကောင်စီတပ်သားတွေက သိမ်းဆည်းသွားတယ်လို့ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။ 

ဧပြီလ ၁၂ ရက်ကလည်း မြင်းခြံမြို့နယ်၊ ယုံထိုးကျေးရွာနားမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးကျော် သေဆုံးခဲ့သလို PDF တွေဘက်ကလည်း ၂ ဦး သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

ပုံစာ - ရဲဘော် ဦးဖက် ၂၅ နစ်၊ ရဲဘော် ကိုထူး ၃၆ နှစ်၊ ရဲဘော်ကိုကို ၃၂ နှစ်၊ ရဲဘော် ရှိုင်းကိုကို ၂၄ နှစ်။

 

စာတည်း - လင်း

#မြေလတ်အသံ

#မန္တလေး #မြင်းခြံ #စစ်ကောင်စီ #တိုက်ခိုက် #PDF #သေဆုံး #27_Revolution_Force

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10