မြင်းခြံ၊ ဆုံရွာ ပျူစောထီးစခန်းသိမ်းတိုက်ပွဲမှာ ဒေသခံပြည်သူ ၃၄ ဦးသေဆုံး (ရုပ်/သံ)

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဆုံရွာရှိ ပျူစောထီးစခန်းကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ချိန် စစ်ကောင်စီလက်အောက်ခံတပ်တွေနဲ့ နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့လို့ ကလေးအပါအဝင် ဒေသခံပြည်သူ ၃၄ ဦးသေဆုံးသေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ 

မေ ၉ ရက်မှာ ဆုံရွာအတွင်း အင်အာ ၄၀ ကျော်ရှိတဲ့ ပျူစောထီးစခန်းကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေက မနက် ၅ နာရီမှ မနက် ၈ နာရီအထိ ၃ နာရီကြာ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

စစ်ကောင်စီနဲ့ ပျူစောထီးတပ်ဖွဲ့တွေဟာ ဆုံရွာရဲ့ပတ်လည်မှာ ဘန်ကာတွေ အခိုင်အမာတည်ဆောက်ပြီး တပ်စွဲ ထားတာလို့ သိရပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပျူစောထီးအထိုင်စခန်းတွေကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး လက်နက်မချဘဲ ထွက်ပြေးသွားဖို့ကြိုးစားခဲ့တဲ့ ပျူစောထီး ၅ ဦးကိုလည်း ရှင်းလင်းနိုင်ခဲ့တယ်လို့ Myingyan Black Tiger -MBT၊ မြင်းခြံခရိုင်တပ်ရင်း ၉ ခေါင်းဆောင်ဗိုလ်မိုက်ခဲက ပြောပါတယ်။

စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်တွေမှာတော့ ဆုံရွာကို PDF တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ ကလေးသူငယ်တွေအပါအဝင် အမျိုးသမီး၊ အမျိုးသား ၃၄ ဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာရသွားတယ်လို့ ဓာတ်ပုံတွေနဲ့တကွ ရေးသားဖော်ပြထားပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း လူနေအိမ် ၇၃ လုံးလည်း မီးလောင်ပျက်စီးသွားတယ်လို့ ဆိုထားပါတယ်။ 

ဒါပေမဲ့ ဆုံရွာ ပျူစောထီးစခန်းသိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ Myingyan Black Tiger ရဲ့ခေါင်းဆောင်ဗိုလ်မိုက်ခဲ ကတော့ ဆုံရွာက ပျူစောထီးတွေတပ်စွဲရာ တပ်စခန်းနေရာကလွဲပြီး တခြားနေအိမ်တွေကို မီးရှို့ခဲ့ခြင်းမရှိသလို ဆုံရွာသားတွေကို သတ်ဖြတ်ခြင်းလည်း မလုပ်ခဲ့ဘူးလို့ ပြောပါတယ်။

ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ အချိတ်အဆက်မိမိဖြင့် မြေပြင်၊ ဝေဟင်တွေကနေ ပျူစောထီး စခန်းတွေကို တိတိကျကျလေ့လာစုံစမ်းပြီး တိုက်ခိုက်ခဲ့တာဖြစ်လို့ အရပ်ဘက်ပစ်မှတ်တွေကို လွဲမှားပစ်ခတ်ခဲ့ တာမျိုး မရှိခဲ့ဘူးလို့ ဗိုလ်မိုက်ခဲက ဆိုပါတယ်။  

ပျူစောထီးတွေအထိုင်ချရာ ဆုံရွာကို ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက ဝိုင်းဝန်းတိုက်ခိုက်နေချိန်မှာ ဆင်မီးခုံမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာမျိုးရှိသလို ဧရာဝတီမြစ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ ဆီမီးခုံရေတပ် စစ်သင်္ဘာကလည်း ပစ်ကူပေးတာတွေလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဆုံကျေးရွာဟာ စစ်တပ်ထောက်ခံသူ ပျူစောထီးတွေ အများစုနေထိုင်ကြပြီး သာမန်အရပ်သားပြည်သူတချို့ လည်း ရှိနေပေမယ့် ကျေးရွာကနေ ဝင်ထွက်သွားလာခွင့်ပိတ်ပင်ထားတာတွေရှိတယ်လို့ ဗိုလ်မိုက်ခဲက ပြောပါ တယ်။

“(ရွာကနေ)ထွက်ပြေးတဲ့ပြည်သူတွေကို သူတို့ကိုယ်တိုင်သတ်ပစ်တယ်လို့ ထင်တယ်။ နောက်တချက်က ကျနော်တို့ ထွက်ခွာသွားတဲ့အချိန်မှာ တော်လှန်ရေးပုံရိပ်ကျအောင် သူတို့ဘက်ကမဟုတ်တဲ့ပြည်သူတွေကို သူတို့ကိုယ်တိုင် သတ်ပစ်လိုက်တယ်လို့ ကျနော်ကတော့ ထင်ပါတယ်” လို့ သူက ဆက်ရှင်းပြပါတယ်။ 

တိုက်ပွဲဖြစ်ပွားပြီး လူနေအိမ်တွေ မီးလောင်နေတဲ့အချိန်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ သက်ကြီး ရွယ်အိုတွေအပါအဝင် ပိတ်မိနေတဲ့ပြည်သူတွေကို ဘေးလွတ်ရာကို ကယ်ထုတ်ပေးခဲ့တာတွေရှိခဲ့တယ်လို ဗိုလ်မိုက်ခဲက ပြောပါတယ်။

Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉ က ထုတ်ပြန်တဲ့ ရုပ်သံတွေမှာလည်း ဒေသကာကွယ် ရေးတပ်ဖွဲ့တွေက ရွာခံတွေကို ကယ်ထုတ်ခဲ့တာတွေ ရှိခဲ့ပါတယ်။

စစ်ကောင်စီက ထုတ်ပြန်တဲ့ဓာတ်ပုံတွေမှာတော့ ကလေးငယ်နဲ့ အမျိုးသမီးတွေဟာ သေနတ်မှန်ဒဏ်ရာတွေနဲ့ သေဆုံးနေတာရှိသလို မီးလောင်ကျွမ်းခံရပြီး သေဆုံးနေတဲ့အလောင်းတွေကိုလည်း တွေ့ရပါတယ်။

ဆုံရွာဟာ ပျူစောထီးအားကောင်းတဲ့ကျေးရွာဖြစ်ပြီး ၂၀၂၀ ရွေးကောင်ပွဲမတိုင်ခင်ကတည်းက ကြံခိုင်ရေးပါတီ အားကောင်းတဲ့နေရာဖြစ်ပါတယ်။ 

ဒါပေမယ့် ကျေးရွာထဲမှာ NLD ပါတီထောက်ခံသူတချို့နဲ့ သာမန်အရပ်သားပြည်သူတွေလည်း နေထိုင်ကြတယ်လို့ သိရပါတယ်။ 

ဆုံရွာ ပျူစောထီးစခန်းသိမ်းတိုက်ပွဲကို Myingyan Black Tiger (မြင်းခြံခရိုင်တပ်ရင်း ၉) ၊ မြင်းခြံခရိုင် တပ်ရင်း ၆၊ တပ်ခွဲ ၁ နောင်ရိုးပြောက်ကျားတပ်ဖွဲ့ ၊ Bright Star Group (LPDF) ၊ Myingyan District Drone Strike အမှတ် (၁၈၄၈) ဒရုန်းတပ်ဖွဲ့ Shar Htoo Waw နည်းပညာတပ်ဖွဲ့  (Team 2) ၊ CDSOM ၊ မန္တလေးခရိုင်တပ်ရင်း ၅ နဲ့ အခြားညီနောင်မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲပြန်လာချိန်မှာတော့ MBT တပ်ဖွဲ့ နဲ့ ညီနောင်မဟာမိတ်တွေကို ဒေသခံပြည်သူတွေက ပန်းတွေ အချိုရည်တွေနဲ့ ကြိုဆိုခဲ့ကြတယ်လို့လည်းသိရပါတယ်။

စာတည်း - လင်းဇေ၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မန္တလေးတိုင်း #မြင်းခြံမြို့ #ဆုံရွာ #ပျူစောထီး #စစ်ကောင်စီ #ကလေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10