မြင်းမူက စစ်အုပ်စုတပ်ချထားတဲ့ ၂ နေရာ ဗုံးကြဲတိုက်ခိုက်ခံရ

မြင်းမူက စစ်အုပ်စုတပ်ချထားတဲ့ ၂ နေရာ ဗုံးကြဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ စာသင်ကျောင်းနဲ့ ထွေအုပ်ရုံးမှာတပ်ချထားတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းအသုံးပြုပြီး ဗုံးသီး ၁၁ လုံးချ တိုက်ခိုက်ခဲ့တယ်လို့ GTR MMU တပ်ဖွဲ့က ပြောပါတယ်။

အထက်ပါ စစ်အုပ်စုတပ်စွဲရာနေရာတွေကို စက်တင်ဘာလ ၁၆ ရက် နေ့လယ် ၂ နာရီလောက်မှာ တချိန်တည်းဆိုသလို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 


"ညောင်ရင်းကျေးရွာဘက်မှာတပ်စွဲပြီး ပြည်သူအချို့ကိုသတ်ဖြတ်ပြီး ထွက်လာတဲ့စစ်ကြောင်းက ထွေအုပ်ရုံးနဲ့ စာသင်ကျောင်းမှာ၀င်နေတုန်း ဗုံးသီးချ တိုက်ခိုက်ခဲ့တာပါ။ ပစ်မှတ်ကိုထိထိရောက်ရောက် ချနိုင်ခဲ့တဲ့အတွက် သေဆုံးမှုများနိုင်ပါတယ်"လို့ 
Gost Team Ranger Myinmu (GTR MMU) တပ်ဖွဲ့ ပြန်ကြားရေးတာ၀န်ခံက ပြောပါတယ်။  

တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် တပ်ရင်း  ၂၊ တပ်ခွဲ ၂၊ Ghost Team Ranger Myinmu (GTR - MMU)၊ Myin Mu Defence Force (MMDF)၊ မြင်းခြံခရိုင် တပ်ရင်း ၆ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်ကလည်း ၄၀ မမ၊ ၆၀ မမ တွေနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၃ ဦးထိမှန်ဒဏ်ရာရခဲ့ပြီး အဲ့ဒီထဲက အမျိုးသမီး ၁ ဦးကတော့ စက်တင်ဘာ ၁၇ ရက် ဒီမနက်မှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။  

ဒီဖြစ်စဥ်နဲ့ပက်သက်တဲ့ အသေးစိတ်အခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။  

အဲ့ဒီစစ်ကောင်စီတပ်သားတွေဟာ စက်တင်ဘာ ၁၄ နဲ့ ၁၅ ရက်မှာ ၀မ်းပြည့်ကျေးရွာနဲ့‌ ညောင်ရင်းကျေးရွာတွေကို စစ်ကြောင်းထိုးပြီး ညောင်ရင်းကျေးရွာက ပြည်သူ ၂ ဦးကို သတ်ခဲ့တဲ့ စစ်ကြောင်းဖြစ်တယ်လို့ GTR MMU ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။  

စာတည်း - လင်း 

#မြေလတ်အသံ 
#စစ်ကိုင်း #မြင်းမူ #စစ်ကောင်စီ #တိုက်ခိုက် #သတင်း #ပြည်သူသေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10