မြင်းမူမြို့ပေါ်မှာ ကင်းလှည့်နေတဲ့စစ်ကောင်စီကားတွေ မိုင်းဆွဲခံရလို့ ကား ၂ စီးပျက်စီး

မြင်းမူမြို့ပေါ်မှာ ကင်းလှည့်နေတဲ့စစ်ကောင်စီကားတွေ မိုင်းဆွဲခံရလို့ ကား ၂ စီးပျက်စီး

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီကားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ Dog Killers People's Defence Force Myinmu (DK PDF-MMU) အဖွဲ့ဆီက သိရပါတယ်။ 

ဇွန် ၂၅ ရက် ဒီမနက် ၇ နာရီ ၈ မိနစ်ခန့်မှာ စစ်သားအင်အား ၃၀ ဦးလောက်က အိမ်စီးကား ၄ စီးနဲ့ မြို့တွင်းကင်းလှည့်နေချိန် မြင်းမူမြို့ပေါ်ရှိ မြို့နယ်ကြံ့ခိုင်ရေးရုံးရှေ့အရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ လို့ ဆိုပါတယ်။ 

“ကြံ့ခိုင်ရေးရုံးရှေ့မှာ ကျနော်တို့က မိုင်းဆွဲခဲ့တာ။ ပထမအစီးနဲ့ ဒုတိယအစီး ၂ စီးအကြားမှာ မိုင်းဆွဲခဲ့တာ။ ပထမကားက ကားရဲ့နောက်ပိုင်းကိုထိသွားပြီး ဒုတိယမြောက်ကားကတော့ ကားရဲ့ဘန်ကာတွေ အကုန်လုံးပျက်စီးသွားတယ်၊ အမိုးတွေပါ ပွင့်ထွက်သွားတယ်” လို့ DK PDF MMU မှ ရဲဘော်မောင်ပြူးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ကား ၄ စီးထဲက Honda Fit ၁ စီးနဲ့ Super Custom ၁ စီးပျက်စီးသွားကာ တိုက်ခိုက်ပြီး မြို့ထဲကနေ ချက်ချင်းဆုတ်ခွာခဲ့ရတာကြောင့် စစ်သား ထိခိုက်သေဆုံးမှု ရှိ၊မရှိနဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ရဲဘော်မောင်ပြူးက ပြောပါတယ်။ 

အဲ့ဒီစစ်ကောင်စီတပ်သားတွေဟာ မြင်းမူ အထက ၁ ကျောင်းထဲမှာတပ်စွဲနေတာဖြစ်ပြီး နေ့တိုင်းနီးပါး မြို့တွင်းကို ကင်းလှည့်လေ့ရှိတယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဇွန် ၁၈ ရက်ကလည်း မုံရွာမြို့၊ လက်ပံတောင်းတောင်ကနေ ကြေးနီသယ်လာတဲ့ကားတွေကို မြင်းမူမြို့နယ်၊ ဝမ်းပြည်ရွာနဲ့ အလ္လကပရွာအကြားမှာ DK PDF MMU အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။ 

ပုံစာ - မိုင်းဆွဲတိုက်ခိုက်ရန် ပြင်ဆင်နေသည့် DK PDF MMU တပ်ဖွဲ့ဝင်များ။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မြင်းမူ #စစ်ကောင်စီ #တိုက်ခိုက် #မိုင်းဆွဲ #ပျက်စီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10