မြင်းမူမြို့ မူးမန္တလေးရွာကို စစ်တပ်ကထပ်မံမီးရှို့

မြင်းမူမြို့ မူးမန္တလေးရွာကို စစ်တပ်ကထပ်မံမီးရှို့

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့စစ်တပ်ဟာ မနေ့ညနေက မူးမန္တလေးရွာကို ဝင်ရောက်မီးရှို့ခဲ့တာကြောင့် ဒေသခံအများအပြား ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

မနေ့က (ဇူလိုင် ၁၇ ရက်) ညနေ ၆ နာရီခန့်မှာ စစ်ကောင်စီတပ်တွေဟာ ရွှေကျောင်းကန်ကျေးရွာဘက်မှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ မူးမန္တလေးကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ 

ဒီနေ့ မနက်အထိ အဲ့ဒီစစ်တပ်ဟာ မူးမန္တလေးကျေးရွာအနီးမှာ ရှိနေသေးကာ ကျေးရွာအတွင်းကို ပြန်ဝင်လို့မရသေးတာမို့ ပျက်စီးဆုံးရှုံးတဲ့ စာရင်းကိုတော့ မသိရသေးဘူးလို့ စစ်ရှောင်ကူညီထောက်ပံ့နေသူတဦးက ပြောပါတယ်။

"မနေ့ညနေက မီးလောင်နေတာကို ကြည့်ရတာတော့ တရွာလုံးပါနိုင်တယ်။ စစ်တပ်ကရွာဘေးမှာပဲ ရှိနေသေးတာမို့ ရွာအနားကို ဘယ်သူမှပြန်ကပ်လို့မရသေးဘူး" လို့ စစ်ရှောင်ကူညီနေသူက ပြောပါတယ်။

ဇူလိုင် ၁၆ ရက်က မဲနောကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်တပ်ဟာ မနေ့(ဇူလိုင် ၁၇ရက်) ကလည်း ထပ်မံမီးရှို့ခဲ့တာကြောင့် နေအိမ် ၅၀ ကျော်မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

မြင်းမူမြို့နယ်မှာ စစ်တပ်ကစစ်ကြောင်း ၃ ကြောင်းခွဲကာ ထိုးစစ်ဆင်နေတာမို့ အင်းမ၊ မဲနော၊ လက်ပံကျင်း၊ ဆပ်ပြာကျင်း၊ မူးမန္တလေး၊ ရွှေကျောင်းကန် ကျေးရွာတွေအပါအဝင်ကျေးရွာ ၃၀ လောက်က ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့၂၀၂၂ခုနှစ် ဇူလိုင်လအတွင်းမှာလည်း စစ်တပ်က မူးမန္တလေးရွာကို မြေပြင်စစ်ကြောင်းတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီး ဒေသခံအမျိုးသားတွေကိုလည်း သတ်ဖြတ်ခဲ့ပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မြင်းမူ #မူးမန္တလေး #စစ်ကောင်စီ #မီးရှို့ဖျက်ဆီး #စစ်ဘေးရှောင် #ဒေသခံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10