မြင်းမူ-မြောင်လမ်းပေါ်မှာ PDF ၂၅ ဦးကို သတ်သွားတဲ့စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး

မြင်းမူ-မြောင်လမ်းပေါ်မှာ PDF ၂၅ ဦးကို သတ်သွားတဲ့စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ‌မြင်းမူ-မြောင်လမ်းမပေါ်မှာ မနေ့ မနက်ပိုင်းက PDF ရဲဘော် ၂၅ ဦးကို သတ်ဖြတ်သွားတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမှာ ၅ ဦးသေဆုံးပြီး ၄ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ ထံက(CDSOM)သိရပါတယ်။

ဒရုန်းနဲ့ ဗုံးကြဲခံရတဲ့ စစ်ကြောင်းဟာ မနက်ပိုင်းမှာ လက်လုပ်သေနတ်အနည်းငယ်သာပါရှိတဲ့ PDF ရဲဘော်တွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တဲ့ စစ်ကြောင်းဖြစ်ပြီး အဲ့ဒီစစ်ကြောင်းကို CDSOM အဖွဲ့က စက်တင်ဘာ ၂၃ ရက် ညနေပိုင်းမှာ ဒရုန်းနဲ့ ဗုံးသီး ၁၀ လုံးကြဲချတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

" လက်ရှိ စာရင်းအရ ၅ ကောင်သေပြီး ၄ ဦးဒဏ်ရာရ အတည်ပြုနိုင်လိုက်တယ်။ နောက်ထပ်ချတဲ့ အလုံးကတော့ ထိမထိ မသိရသေးဘူး" လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM)တာ၀န်ခံ ကိုနွေဦးက မြေလတ်အသံကို ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းက မြောင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးထဲကို ပြန်အဝင်မှာ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၃ ရက် မနက်ပိုင်းမှာ မြင်းမူမြို့နယ်၊ ဘိုးမင်းကြီးကင်းရွာထဲက ထွက်လာတဲ့ အင်အား ၃၀ ကျော်ပါ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င် ရဲဘော်တွေ မြင်းမူ-မြောင်လမ်းပေါ် ခြေတော်ရာကျေးရွာအနီးမှာ ထိပ်တိုက်တွေ့ပြီး PDF ရဲဘော် ၂၅ ဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပါတယ်။ 

မြင်းမူ-မြောင်လမ်းပေါ်မှာ စစ်ကောင်စီတပ်တွေက စစ်ဆေးရင်း ပြည်သူတချို့နဲ့ ကာကွယ်ရေးတပ်ဖွဲ့၀င် တွေကို ဖမ်းဆီးကာထိုင်ခိုင်းထားပြီးနောက် ကာကွယ်ရေးအဖွဲ့၀င်တွေကို ပြည်သူတွေရှေ့ လမ်းမပေါ်မှာပဲ ပစ်သတ်လိုက်တာဖြစ်ပါတယ်။ 

အဲ့ဒီဖမ်းဆီးသတ်ဖြတ်ခံရမှုမှာ Black Eagle (MMU) အဖွဲ့နဲ့ မြောင်မြို့နယ်တော်လှန်ရေးတပ်ဖွဲ့ (MRA)တို့မှ ရဲဘော် ၂၅ ဦး ပါဝင်ခဲ့တာဖြစ်ပြီး လက်လုပ်သေနတ်တချို့နဲ့ လက်လုပ်မိုင်း၊ ကျည်ဆံတွေသိမ်းဆည်းခံလိုက်ရတယ်လို့ ဆိုပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #မြင်းမူ #မြောင် #စစ်ကောင်စီတပ် #ဒရုန်း # ဗုံးသီးချ #တိုက်ခိုက်ခံရ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10