မြင်းမူမှာ စစ်ရှောင်အမျိုးသား ၄ ဦး ကျည်ထိမှန်သေဆုံးပြီး ၂ ဦးဒဏ်ရာရ

မြင်းမူမှာ စစ်ရှောင်အမျိုးသား ၄ ဦး ကျည်ထိမှန်သေဆုံးပြီး ၂ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ရွာတော်လေးကျေးရွာကို သြဂုတ်လ၁၄ ရက် မနက် ၅ နာရီကျော်မှာ စစ်ကောင်စီတပ်တွေက ပစ်ခတ်ဝင်ရောက်ခဲ့တာကြောင့် စစ်ရှောင်ခိုလှုံနေတဲ့ အမျိုးသား ၄ ဦး ကျည်ထိမှန်သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ် လို့ Ngazun People's Defense Force က ပြောပါတယ်။

သေဆုံးသူ ၄ ဦးနဲ့ ဒဏ်ရာရသူ ၂ ဦးဟာ မန္တလေးတိုင်း၊ ငါန်းဇွန် မြို့နယ်၊ အောင်သုခကျေးရွာကဖြစ်ပြီး သူတို့ဟာ သြဂုတ် ၆ ရက်မှာ ၎င်းတို့ကျေးရွာကို စစ်ကြောင်းထိုးလာခဲ့တာကြောင့် မြင်းမူမြို့နယ်ဘက်မှာ လာရောက် စစ်ရှောင်နေကြရတာဖြစ်တယ်လို့ ဆိုပါတယ်။

"သေဆုံးသူတွေက အရပ်သားတွေပါ။ စကစ ပစ်ခတ်တဲ့ကျည်ထိပြီးတော့ သေသွားတာ။ အခုတော့ သေဆုံးသူတွေကို သင်္ဂြိုဟ်လိုက်ပါပြီ။ သေဆုံး၊ ဒဏ်ရာရတဲ့သူတွေကတော့ အသက် ၃၀ ကျော် အရွယ်တွေပါ"လို့ Ngazun People's Defense Force မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

သေဆုံးသူတွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ကျန်ရှိမိသားစုဝင်တွေရဲ့ လုံခြုံရေးအခြေအနေကြောင့် ထည့်သွင်းပြောကြားခဲ့ခြင်းမရှိပါဘူး။ 

အဲ့ဒီစစ်ကြောင်းဟာ မြင်းမူမြို့ပေါ် နေ စစ်ကြောင်းထိုးလာတာဖြစ်ပြီး ရွာတော်လေးကျေးရွာကို ပစ်ခတ်ဝင်ရောက်ချိန်မှာ အင်အား ၁၀၀ ကျော်ပါတယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့သြဂုတ် ၅ ရက်မှာလည်း အဲ့ဒီစစ်ကောင်စီတပ်သားတွေဟာ ငါန်းဇွန်မြို့နယ်၊ ရေလည်သောင်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာချိန် အသက် ၆၀ ကျော်အရွယ် ကျောင်းဆရာ(ငြိမ်း) တဦးကို ပစ်သတ်ခဲ့သေးတယ်လို့ ဆိုပါတယ်။ 

အလားတူ အဲ့ဒီစစ်ကြောင်းဟာ သြဂုတ် ၅ ရက်နဲ့ ၆ ရက်တို့မှာလည်း ငါန်းဇွန်မြို့နယ်ထဲက ထန်းတပင်၊ ရေလည်သောင်၊ နဘဲပင်၊ သာကျင်း၊ ကံသာ စတဲ့ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တဲ့အပြင် နဘဲပင်ရွာက အမျိုးသား ၈ ဦးနဲ့ သာကျင်ကျေးရွာသား ၂ ဦး တို့ကိုလည်း ဖမ်းဆီးခဲ့သေးတယ်လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

ခုလို စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းထိုးဖမ်းဆီး သတ်ဖြတ်မှုတွေကြောင့် ငါန်းဇွန်မြို့နယ်ထဲက ထန်းတပင်၊ ရေလည်သောင်၊ နဘဲပင်၊ သာကျင်း၊ ကံသာ၊ အောင်သုခ စတဲ့ ကျေးရွာ ၆ ရွာက ဒေသခံပြည်သူ ၂ ထောင်လောက်က မြင်းမူမြို့နယ်ဘက်ကို ထွက်ပြေး ခိုလှုံနေကြရတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မန္တလေး #စစ်ကောင်စီ #ပစ်ခတ် #ဒေသခံ #ကျည်ထိမှန် #သေဆုံး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10