မြင်းမူမှာ ဒေသခံ ၇ ဦးကို စစ်ကောင်စီတပ်တွေ ဖမ်းဆီးထား

မြင်းမူမှာ ဒေသခံ ၇ ဦးကို စစ်ကောင်စီတပ်တွေ ဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာက ဒေသခံ ၇ ဦးကို စစ်ကောင်စီတပ်သားတွေက မတ်လ ၂၃ ရက်ဒီမနက်ပိုင်းမှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဖမ်းခံရသူတွေမှာ အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ဖြစ်ပြီး၊ ရွာထဲရောက်နေတဲ့ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားတာလို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

"အဖမ်းခံရသူတွေက တောသူ၊တောင်သားတွေပါ။ စကစတွေနဲ့တွေ့လို့ ဖမ်းဆီးခံလိုက်ရတာ။ အဖမ်းခံရသူတွေရဲ့ နာမည်တွေ၊အသက်တွေ မသိရသေးဘူး။ စကစတွေက ရွာထဲမှာပဲ ရှိနေသေးတယ်။ ပြန်မထွက်ကြသေးဘူး" လို့ ဆိုပါတယ်။


မြင်းမူမြို့ပေါ်ကနေ အင်အား ၃၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းတခုဟာ ဒီမနက် ၄ နာရီလောက်က အလ္လကပ္ပရွာထဲကို တိတ်တဆိတ်ဝင်ရောက်လာချိန် ဒေသခံတွေ အဖမ်းခံလိုက်ရတာလို့ သူကဆက်ပြောပါတယ်။

"သတင်းပေးလို့ အဖမ်းခံရတာတော့ မဟုတ်ဘူး။ စကစတွေက ဒီပတ်ဝန်းကျင်မှာ မိုင်းရှင်းလင်းရေးလုပ်နေတယ်လို့ သိထားရတယ်။ ရွာထဲကိုဝင်လာခဲ့တာကတော့ ဘာကြောင့်လဲဆို တာ မသိဘူး။ ရွာကလူတွေအများစုကတော့ ထွက်ပြေးတိမ်းရှောင်နေရတာ ကြာပြီ" လို့ ဆိုပါတယ်။

ဒါ့အပြင် ဖမ်းဆီးထားတဲ့ အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ကို စစ်ကောင်စီတပ်သားတွေက ရွာရဲ့ဘုန်းတော်ကြီးကျောင်းထဲမှာ ချုပ်နှောင်ထားပြီး၊ ဒီနေ့လည်အချိန်ထိ ပြန်မလွတ်လာကြသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၅ ရက်မှာလည်း အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းတခုဟာ လက္ကပင်ကျေးရွာကိုဝင်ရောက်ပြီး ရွာထဲရှိနေတဲ့ ပြည်ကြီးတံခွန်ဆရာတော် ဦးအဂ္ဂ၊ PDF ရဲဘော် ၅ ဦးနဲ့ ရွာခံအမျိုးသား ၄ ဦးတို့ကို ဖမ်းဆီးပြီး၊ အဲဒီထဲက PDF ရဲဘော် ၅ ဦးကို သတ်ဖြတ်ကာ အလောင်းတွေကို မြစ်ထဲမျောခဲ့ကြတယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ဆရာတော်ဦးအဂ္ဂကို စစ်ကောင်စီတပ်သားတွေက တပ်မ ၃၃ ထဲကို ခေါ်ဆောင်သွားခဲ့တယ်လို့ သိရှိရပြီး၊ ရွာခံသား ၄ ဦးကိုတော့ ဒီနေ့အချိန်အထိ သတင်းအစအန လုံးဝမရရှိကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10