မြင်းမူ-မြောင်လမ်းမပေါ်မှာ PDF ၂၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်

မြင်းမူ-မြောင်လမ်းမပေါ်မှာ PDF ၂၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မြင်းမူ-မြောင်လမ်းမပေါ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းကို တိမ်းရှောင်စဉ် ကာကွယ်ရေးတပ်ဖွဲ့၀င် ၂၅ ယောက် ဖမ်းဆီး သတ်ဖြတ်ခံလိုက်ရတာဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ 

စက်တင်ဘာ ၂၃ ရက် ဒီနေ့  မနက်မှာ မြင်းမူမြို့နယ်၊ ဘိုးမင်းကြီးကင်းရွာထဲက ထွက်လာတဲ့ အင်အား ၃၀ ကျော်ပါ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င် ရဲဘော်တွေ မြင်းမူ-မြောင်လမ်းပေါ် ခြေတော်ရာကျေးရွာအနီးမှာ ထိပ်တိုက်တွေ့ပြီး ဖမ်းဆီးသတ်ဖြတ်ခံရတာဖြစ်တယ်လို့ မြောင်ဒေသကာကွယ်ရေးတပ်ဖွဲ့ ဆီက သိရပါတယ်။

မြင်းမူ-မြောင်လမ်းပေါ်မှာ စစ်ကောင်စီတပ်တွေက စစ်ဆေးရင်း ပြည်သူတချို့နဲ့ ကာကွယ်ရေးတပ်ဖွဲ့၀င်တွေကို ဖမ်းကာထိုင်ခိုင်းထားပြီးနောက် ကာကွယ်ရေးအဖွဲ့၀င်တွေကို ပြည်သူတွေရှေ့ လမ်းမပေါ်မှာပဲ ပစ်သတ်လိုက်တာလို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ဒေသခံတဦးက ပြောပါတယ်။

"သူတို့က စစ်ကြောင်း၀င်တယ်လို့ သတင်းရလို့ ရှောင်ဖို့ထွက်လာကြတာ။ စကစဘက်က လက်ဦးပြီး အဲဒီလမ်းပေါ်ရောက်နေတာ။ လမ်းပိတ်ပြီး စစ်နေတော့ ရှောင်မရတော့ဘဲ အသတ်ခံလိုက်ရတာ။ အားလုံး ၂၅ ယောက်ပါ။" လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့ (CDSOM)တာ၀န်ခံ ကိုနွေဦးက မြေလတ်အသံကို ပြောပါတယ်။

အဲဒီဖမ်းဆီးသတ်ဖြတ်ခံရမှုမှာ Black Eagle (MMU) အဖွဲ့နဲ့ မြောင်မြို့နယ်တော်လှန်ရေးတပ်ဖွဲ့ (MRA)တို့မှ ရဲဘော် ၂၅ ဦး ပါဝင်ခဲ့တာဖြစ်ပြီး လက်လုပ်သေနတ်မျိုးစုံနဲ့ လက်လုပ်မိုင်း၊ ကျည်ဆံတွေသိမ်းဆည်းခံလိုက်ရတယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ စက်တင်ဘာ ၁၄ ရက်ကတည်းက မြင်းမူမြို့နယ်ထဲက ရွာစဉ်တလျှောက်ကို စစ်ကြောင်းထိုးနေတာဖြစ်ပြီး ဒီနေ့မနက်အစောပိုင်းမှာ သတ်ဖြတ်မှုတွေကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #မြင်းမူ #မြောင် #PDF #ရဲဘော် ၂၅ ဦး #သတ်ခံရ #MMU #MRA

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10