မြစ်ကျိုးရဲစခန်းက နယ်ထိန်းရဲအပါ ၇ ဦး စခန်းစွန့်ထွက်ပြေး

မြစ်ကျိုးရဲစခန်းက နယ်ထိန်းရဲအပါ ၇ ဦး စခန်းစွန့်ထွက်ပြေး

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ မြစ်ကျိူးနယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၇ ဦး ဒီဇင်ဘာလ ပထမအပတ်ကစတင်ကာ စခန်းစွန့်ခွာထွက်ပြေးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ထွက်ပြေးသွားတဲ့ရဲတပ်ဖွဲ့ဝင်တွေဟာ နယ်ထိန်းရဲ ရဲဒုတပ်ကြပ် စိုးလွင်၊ ရဲတပ်သား အောင်မိုးဝင်း၊ ရဲတပ်သား မျိုးမင်းထွန်းအပါအဝင် အခြားအဆင့်ရဲတပ်ဖွဲ့ဝင် ၇ ဦးဖြစ်ပြီး ရက်ခြားဆိုသလို ထွက်ပြေးသွားကြတာလို့ ဆိုပါတယ်။

"ပြေးကြတာက တရက်တည်းအတူပြေးကြတာတော့ မဟုတ်ဘူး။ နယ်ထိန်းစိုးလွင်က အရင်ဆုံးပြေးတာ။ နောက်မှ နှစ်ယောက်တတွဲ။ တယောက်ချင်း အဲ့ဒီလိုပြေးကြတာ"လို့ ဝေါနယ်ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေဟာ လက်နက်မဲ့စွန့်ခွာထွက်ပြေးနေတာဖြစ်ပြီး စစ်အုပ်စုဘက်က ထွက်ပြေးသွားတဲ့ ရက်ပိုင်းတွေမှာ မြစ်ကျိုးရွာနဲ့အနီးဝန်းကျင်ရွာတွေမှာ လိုက်လံရှာဖွေတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

မြစ်ကျိုးရဲစခန်းကနေ ထွက်ပြေးသွားတဲ့ ရဲတပ်ဖွဲ့ဝင်တွေက တော်လှန်ရေးအင်အားစုတွေထံ လတ်တလောမှာ သွားရောက်ပူးပေါင်းတာမျိုး မတွေ့ရသေးဘူးလို့ တော်လှန်ရေးအင်အားစုတွေ ဘက်က သိရပါတယ်။

မြစ်ကျိုးရဲစခန်းမှာ စခန်းမှူးအပါအဝင် ရဲအင်အား ၁၀ ဦးခန့်သာရှိနေပြီး စစ်ကောင်စီအင်အား ၂၀ ကျော်လောက်က အင်အားဖြည့်ထားလို့ ရဲနဲ့စစ်သား ၃၀ ကျော် တပ်စွဲနေတာလို့ ဆိုပါတယ်။

နိုဝင်ဘာ ၂၇ ရက်က  သူရဲသမိန်ရဲစခန်းကို KNLA ပူးပေါင်းတပ်တွေဘက်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း မြစ်ကျိုး၊ လက်ပံ၊ သူရဲသမိန်၊ အညာစု၊ ဆင်ရွာတဲ့ရွာတွေအပါအဝင် စစ်တောင်းမြစ်ကမ်းဘေးရွာတွေမှာ စစ်ကောင်စီအင်အားတွေဖြည့်တင်းထားတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ဝေါနယ် #ရဲစခန်း #ရဲတပ်ဖွဲ့ဝင် #ထွက်ပြေး #စခန်းစွန့် #လက်နက်မဲ့ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10