မြစ်ခြေမှာ ထိတွေ့တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်ကလက်နက်ကြီးပစ်လို့ ကလေး ၂ ဦးအပါ ၆ ဦး ဒဏ်ရာရ

မြစ်ခြေမှာ ထိတွေ့တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်ကလက်နက်ကြီးပစ်လို့ ကလေး ၂ ဦးအပါ ၆ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့တောင်ဘက်ကပ်လျက်ရှိ သဇင်ကျေးရွာ နေအိမ်ပေါ် လက်နက်ကြီးကျည်ကျရောက် ထိမှန်တာကြောင့် အသက် ၁၀ နှစ်ဝန်းကျင် ကလေး ၂ ဦးအပါအဝင် ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

နိုဝင်ဘာ ၁၉ ရက် မနက် ၈ နာရီဝန်းကျင်က မြစ်ခြေမြို့အဝင်မှာ စျေးဝယ်လာတဲ့ပျူစောထီးတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား  ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက် ပခုက္ကူတပ်မ ၁၀၁ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကား ၃ စီးနဲ့လာရောက်ကာ အခင်းဖြစ်တဲ့နေရာ အနီးတဝိုက်ကို လက်နက် ကြီးနဲ့ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

"လက်နက်ကြီးကျည်တွေက အိမ်ပေါ်ကျတာ။ လက်နက်ကြီးပစ်နေတော့ အကုန်လုံးက တအိမ်ထဲမှာ ပုန်းနေကြတာ။ ၆ ယောက်မှာ ကလေးကတော်တော်လည်း စိုးရိမ်ရတယ်"လို့ မြစ်ခြေမြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။

ဒဏ်ရာရရှိသူ ၆ ဦးမှာ အသက် ၉ နှစ် မသဇင်ရွှန်းလဲ့၊ မောင်ဝဏ္ဏဖြိုး ၁၀ နှစ်၊ ဦးစိန်ဇီးကွက် ၄၅ နှစ်၊ ဦးကျောက်စွန်း ၆၀ နှစ်၊ ဒေါ်တင်မိုးဇာ ၄၀ နှစ်၊ မကေသီ ၃၉ နှစ်တို့ဖြစ်ပြီး ၉ နှစ်မိန်းကလေးမှာ ခြေထောက်တဖက် ဆုံးရှုံးရမယ့်အခြေအနေအပြင် အသက်အန္တရာယ်စိုးရိမ်ရတဲ့အတွက် မနေ့ ညနေပိုင်းမှာ ပခုက္ကူမြို့ဆေးရုံကို ပို့ဆောင်လိုက်ကာ ကျန် ၅ ဦးကိုတော့ နီးစပ်ရာဆရာဝန်နဲ့ ကုသနေတယ်လို့ အထက်ပါအမျိုးသမီးက ပြောပါတယ်။

ဒါ့အပြင် မြစ်ခြေမြို့နဲ့ ၄ မိုင်ခန့်ဝေးတဲ့ စစ်ကောင်စီတပ်ရဲ့ BPI တပ်ကလည်း တိုက်ပွဲဖြစ်ရာအနီး ပတ်ဝန်းကျင်မှာရှိကြတဲ့ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ညအချိန်ထိ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #မြစ်ခြေ #ထိတွေ့တိုက်ပွဲ #လက်နက်ကြီး #ပစ်ခတ်မှု #အရပ်သား #ထိခိုက်ဒဏ်ရာရ #စစ်ကောင်စီတပ် #ပျူစောထီး #PDF #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10