မြစ်ရေဆက်တိုက်တက်နေပြီး ရေကြီးနိုင်တဲ့အတွက် မြစ်ကမ်းဘေးနေထိုင်သူတွေ သတိပြု ကြိုတင်ပြင်ဆင်ဖို့ လိုအပ်

မြစ်ရေဆက်တိုက်တက်နေပြီး ရေကြီးနိုင်တဲ့အတွက် မြစ်ကမ်းဘေးနေထိုင်သူတွေ သတိပြု ကြိုတင်ပြင်ဆင်ဖို့ လိုအပ်

ချင်းတွင်းမြစ်ရေနဲ့ ဧရာဝတီမြစ်ရေ ဆက်တိုက်မြင့်တက်လာနေတာကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့က မြစ်ကမ်းဘေးမှာနေထိုင်တဲ့ ပြည်သူတွေအနေနဲ့ သတိပြုနေထိုင်ပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားသင့်တယ်လို့ မိုးလေဝသခန့်မှန်းရေးပညာရှင်တွေက ပြောဆိုထားပါတယ်။

ချင်းတွင်းမြစ်ဖျားပိုင်းနဲ့ ဧရာဝတီမြစ်ဖျားပိုင်းတွေမှာ ဇွန်လ တလလုံး မိုးကောင်းခဲ့တာကြောင့် ဧရာဝတီ မြစ်ရေဟာ မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ မန္တလေးစတဲ့မြို့တွေမှာ ဆက်တိုက်မြင့်တက်နေသလို ချင်းတွင်းမြစ်ရေကလည်း ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ မုံရွာ စတဲ့ မြို့နယ်တွေမှာ ဆက်တိုက်မြင့်တက်လာနေတယ်လို့ မိုးလေဝသခန့်မှန်းရေးပညာရှင် ဦးဝင်းနိုင်က ဆိုထားပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကလည်း ဧရာဝတီမြစ်ရေဟာ ကသာမြို့မှာ စိုးရိမ်ရေအမှတ်အောက် ၇ ပေခွဲကျော်၊ ရွှေကူမြို့မှာ စိုးရိမ်ရေအမှတ်အောက် ၆ ပေခွဲကျော်၊ ဗန်းမော်မြို့မှာ စိုးရိမ်ရေအမှတ်အောက် ၉ ပေခန့်မှာ ရောက်ရှိနေတဲ့အတွက် ၃ ရက်အတွင်း စိုးရိမ်ရေအမှတ်ကို ရောက်လာနိုင်တာကြောင့် သတိပြုနေထိုင်သင့်တယ်လို့ ထုတ်ပြန်ထားပါတယ်။

“ကသာမြို့နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဗန်းမော်မြို့နယ်၊ ရွှေကူမြို့နယ်များအတွင်း မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြုံပြုအပ်ပါသည်။”လို့  မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ပြည်သူတွေအနေနဲ့ မိုးလေဝသနဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက နေ့စဉ်ထုတ်ပြန်ပေးနေတဲ့ မြစ်ရေ အခြေနေပြဇယားကိုစောင့်ကြည့်ပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားသင့်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် နောက် ၃ ရက်အတွင်း ကချင်ပြည်နယ်အထက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတွေမှာ မိုးကြီးကာ မြစ်ရေပိုမိုမြင့်တက်လာနိုင်တဲ့အတွက် မြစ်ကမ်းဘေးပြည်သူတွေအနေနဲ့ မြစ်ရေ အတက်အကျကို သတိနဲ့စောင့်ကြည့်ပြီး ဂရုပြုနေထိုင်သင့်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သတိပေးပြောဆိုထားပါတယ်။ 

ဇွန် ၃၀ ရက် ဒီနေ့မနက်ပိုင်းမှာတော့ မြစ်ကြီးနားမြို့နယ်က ရပ်ကွက်တချို့မှာ မြစ်ရေတွေ စတင်ဝင်ရောက်နေပြီး မေခမြစ်ဖျားပိုင်းက ဆော့လော့ချောင်းမှာ မိုးကြီးကာ တောင်ကျရေတွေ ဆက်တိုက်စီးနေတဲ့အတွက် ဧရာဝတီမြစ်ရေလည်း ဆက်တက်လာနိုင်ခြေရှိတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မန္တလေး #ကချင် #မိုးလေဝသ #သဘာဝဘေးအန္တရာယ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10