မြစ်ရေတက်နေတဲ့ မြွေပုံကန်တောင်ရွာကို စစ်တပ်က ရေကြောင်းကလာပြီး မီးရှို့

မြစ်ရေတက်နေတဲ့ မြွေပုံကန်တောင်ရွာကို စစ်တပ်က ရေကြောင်းကလာပြီး မီးရှို့

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မြွေပုံကန်တောင်ရွာကို စစ်ကောင်စီက စက်တင်ဘာလ ၈ ရက် ဒီနေ့လယ်ပိုင်းမှာ မီးရှို့ခဲ့တာကြောင့် နေအိမ် ၂၃ လုံးမီးလောင်ပျက်စီးခဲ့ပြီး ဒေသခံတွေလည်း အကူအညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့လယ် ၁၂ နာရီကျော်မှာ မတ္တရာမြို့နယ်အနောက်ခြမ်း၊ ရွာတန်းရှည်ရွာဘက်ကို ရှာဖွေတာတွေလုပ်နေတဲ့ စစ်ကြောင်းက မြွေပုံကန်တောင်ရွာကို ရောက်လာပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာပါ။  

မြွေပုံကန်တောင်ရွာမှာ မိုးတွင်းကာလရောက်ရင် မြစ်ရေတက်လေ့ရှိပြီး လက်ရှိအချိန်မှာလည်း ရွာပတ်ပတ်လည်မှာ ရေတက်နေကာ ဒီကြားထဲကမှ စစ်ကောင်စီတပ်သားတွေဟာ speed boat (ရှပ်ပြေး) ၊ သံခွန် (ကုန်တင်သင်္ဘောတွေ)နဲ့ ဝင်လာပြီး မီးရှို့ခဲ့တာလို့ ဆိုပါတယ်။ 

ဒါ့ကြောင့် ဒေသခံတွေအနေနဲ့ ရေဘေးအပြင် မီးဘေးနဲ့ပါကြုံနေရပြီး လက်ရှိမှာ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထဲရေးဝန်ကြီးဌာန မတ္တရာမြို့နယ်မှူးက ပြောပါတယ်။

မြွေပုံကန်တောင်ရွာဟာ အိမ်ခြေ ၄၅၀ လောက်ရှိပြီး ဒီနေ့မီးရှို့ခံရတာကြောင့် အိမ်ခြေ ၂၃ အိမ် မီးလောင်ပျက်စီးခဲ့ကာ စစ်ကောင်စီ စစ်ကြောင်းကတော့ ကျေးရွာကိုမီးရှို့ပြီး နေ့လယ် ၂ နာရီခွဲလောက်မှာ ရွာကပြန်ထွက်သွားတယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းဟာ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာကို ဝင်ရောက်ကာ ဖမ်းဆီးလာတဲ့ ဒေသခံ ၃ ဦးကို PDF တွေဆိုပြီး သတ်ဖြတ်ခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#မတ္တရာ #မြွေပုံကန် #စစ်ကောင်စီ #မီးရှို့ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10