မြစ်ရေမြင့်တက်လာပြီး စစ်ကိုင်းတိုင်း ကမ်းနားမြို့အချို့ ရပ်ကွက်တွေထဲ ရေစတင်ဝင်ရောက်လာ

မြစ်ရေမြင့်တက်လာပြီး စစ်ကိုင်းတိုင်း ကမ်းနားမြို့အချို့ ရပ်ကွက်တွေထဲ ရေစတင်ဝင်ရောက်လာ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြစ်ကမ်းနားမြို့ပေါ်တချို့ကို ဇူလိုင် ၃ ရက် ဒီကနေ့မှာ မြစ်ရေဝင်ရောက်လာမှု မြင့်တက်လာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ချင်းတွင်းမြစ်ကမ်းဘေးရှိနေတဲ့ မင်းကင်းမြို့မှာ မြစ်ရေဟာ ဇူလိုင် ၁ ရက်မှာ ရှိဆဲမြစ်ရမျက်နှာပြင်ထက် ၅ ပေခန့်မြင့်တက်ခဲ့ရာကနေ ဇူလိုင် ၃ ရက် ဒီကနေ့မှာတော့ ၇ ပေခန့်အထိ မြင့်တက်လာနေတယ်လို့ ဆိုပါတယ်။

"ရေက ဆက်ပြီးတော့ ဒီထက်မြင့်တက်လာနိုင်ပါတယ်။ ဒါပေမယ့် မြို့ခံတွေကတော့ ပြောင်းရွှေ့ကြတာမျိုး သိပ်မတွေ့ရသေးဘူး"လို့ မင်းကင်းမြို့ခံ အမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

အလားတူ ဧရာဝတီမြစ်ကမ်းဘေးမှာရှိနေတဲ့ ကသာမြို့  မြစ်ရေမျက်နှာပြင်ကလည်း ဇူလိုင် ၃ ရက် ဒီကနေ့မနက် ၆ နာရီမှာ ရှိဆဲမြစ်ရေမျက်နှာပြင်ထက် ၄ ပေခန့်မြင့်တက်လာနေပြီး ပန်းပဲကုန်း၊ သဖန်းကိုင်း ရပ်ကွက် တွေမှာ ရေဝင်ရောက်လာနေတယ်လို့ သိရပါတယ်။

"ညဉ့်အချိန်မိုးရွာရင် ဒီထက်ပိုပြီးတက်လာနိုင်ပါတယ်။ မြို့ခံတချို့ကတော့ ကုန်းမြင့်ပိုင်းကိုရွှေ့ထားကြတယ်။အခု ရေတက်တဲ့နေရာတွေက မြေနိမ့်ပိုင်းတွေပါ"လို့ ကသာမြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။

ဇူလိုင် ၃ ရက် မနက်ပိုင်းကစပြီးတော့ စစ်ကိုင်းမြို့ပေါ် သရက်ပင်ဆိပ်၊ ထုံးဘိုရပ်ကွက် မြစ်ကမ်းနားလမ်းတလျှောက်တို့မှာ  မြစ်ရေမျက်နှာပြင် ၆ ပေခန့်အထိမြင့်တက်လာနေပေမယ့် မြို့ခံတွေအနေနဲ့ ပြောင်းရွှေ့တာတွေ မရှိကြသေးဘူးလို့ စစ်ကိုင်းမြို့ခံအမျိုးသားတဦးကဆိုပါတယ်။

ဇူလိုင် ၁ ရက် မိုးဇလရဲ့ ၁၀ ရက်တာခန့်မှန်းထုတ်ပြန်ချက်အရ ဧရာဝတီမြစ်ရေဟာ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူစတဲ့မြို့တွေမှာ ၆ ပေမှ ၁၀ ပေခန့်၊ ချင်းတွင်းမြစ်ရေဆိုရင်လည်း ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီ၊ မြင်းမူစတဲ့မြို့တွေမှာ ၈ ပေမှ ၁၃ ပေခန့်အထိ မြင့်တက်လာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ချင်းတွင်းမြစ် #ဧရာဝတီမြစ် #မြစ်ရေမြင့်တက် #သဘာဝဘေးအန္တရာယ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10