မြန်မာနိုင်ငံမှာ အကြမ်းဖက်သမားအစစ်က ဘယ်သူလဲ (အတွေးအမြင်)

မြန်မာနိုင်ငံမှာ အကြမ်းဖက်သမားအစစ်က ဘယ်သူလဲ (အတွေးအမြင်)

မြန်မာနိုင်ငံမှာ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီကြား နေ့စဉ်လိုလို တိုက်ပွဲတွေဖြစ်၊ ဖမ်းဆီးသတ်ဖြတ်မှုတွေ ဖြစ်နေတဲ့ကာလမှာ စစ်တပ်ကလည်း တော်လှန်ရေးအင်အားစုတွေကို အကြမ်းဖက်သမားတွေလို့ စွပ်စွဲတယ်။ တော်လှန်ရေးအင်အားစုတွေကလည်း မင်းအောင်လှိုင်နဲ့အပေါင်းအပါတွေကို အကြမ်းဖက်စစ်အုပ်စုလို့ ခေါ်ကြတယ်။ 

ဒါကြောင့် ဒီနေရာမှာ ဘယ်သူက အကြမ်းဖက်သမားအစစ်လဲဆိုတာ အချက်အလက်တွေကို လေ့လာကြည့်ကြရအောင်ပါ။ 

အရင်ဆုံးအနေနဲ့ မြန်မာနိုင်ငံမှာ အခုလို နေ့စဉ်လူတွေသေ၊ စီးပွားရေးချွတ်ခြုံကျပြီး တိုင်းပြည်ကြီး နေ့ချင်းညချင်း ပျက်စီးသွားရတဲ့အထိဖြစ်အောင် ဘယ်သူက စလုပ်ခဲ့သလဲ။ 

၂၀၂၀ ရွေးကောက်ပွဲမှာ နေရာအားလုံးနီးပါးအနိုင်ရသွားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲခိုးလို့ အခုလိုဖြစ်တာလို့တော့ အကြောင်းပြချက် မပေးပါနဲ့။ အကျိုးအကြောင်း မညီညွတ်လို့ပါ။ မဝေးသေးတဲ့ အတိတ်ကို ပြန်ကြည့်ရင် NLD ဝင်ပြိုင်ခဲ့တဲ့ ရွေးကောက်ပွဲတိုင်းမှာ သောင်ပြိုကမ်းပြိုအောင်နိုင်ခဲ့တာဟာ ၁၉၉၀ ကတည်းကပါ။ စစ်တပ်ဟာ အဲ့ဒီကတည်းက တိုင်းပြည်အာဏာကို ပြည်သူလက်ထဲ မအပ်ချင်ခဲ့တာ။ 

ပြီးတော့ ၂၀၁၀ မှာ NLD ရွေးကောက်ပွဲ မဝင်ခဲ့ဘူး။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD က ၄၄ နေရာ ဝင်ပြိုင်ခဲ့တယ်။ တနေရာကလွဲလို့ ကျန်နေရာ အကုန်နိုင်တယ်။ ၂၀၁၅ မှာ တိုင်းရင်းသားဒေသပါမကျန် ရွေးကောက်ပွဲ နေရာအားလုံးနီးပါးကို NLD က ဝင်ပြိုင်ခဲ့တယ်။ နေရာအားလုံးနီးပါး အောင်နိုင်ခဲ့ပြီး NLD အစိုးရဖွဲ့နိုင်ခဲ့တယ်။  

၂၀၂၀ ရွေးကောက်ပွဲမှာလည်း ဒီအတိုင်းပဲ နေရာအားလုံးနီးပါးကို အနိုင်ရခဲ့တယ်။ စစ်တပ်အသိုင်းအဝိုင်းထဲမှာတောင် NLD ပါတီက မဲနိုင်ခဲ့တဲ့နေရာတွေရှိခဲ့ဖူးတယ်။ အခုတကြိမ်မှ မဲခိုးလို့ ကံကောင်းထောက်မစွာ အောင်မြင်ခဲ့တာ မဟုတ်ဘူးဆိုတာ သမိုင်းက အထင်အရှားသက်သေရှိတယ်။ 

မဲခိုးလို့သာ အာဏာသိမ်းကြေးဆိုရင် ၂၀၁၀ ကတည်းက ကြံ့ခိုင်ရေးပါတီဟာ အစိုးရဖွဲ့နိုင်စရာအကြောင်း မရှိပါဘူး။ ဘာကြောင့်ဆိုရင် လွှတ်တော်ထဲရောက်သွားတဲ့ ကြံ့ခိုင်ရေးအမတ်အများစုဟာ မဲခိုးပြီး ရောက်သွားလို့ပါပဲ။ NLD ဝင်မပြိုင်တဲ့အတွက် No Vote လုပ်ကြတဲ့သူတွေရဲ့ မဲစာရင်းတွေကို ခိုးတယ်၊ NDF ပါတီ (National Democratic Force အမျိုးသားဒီမိုကရေစီအင်အားစုပါတီ)ကို ရှုံးလို့ မဲပုံးကြီးအိမ်ကိုထမ်းသွားပြီး အသင့်လုပ်ထားတဲ့ မဲတွေ မဲပုံးထဲထည့်သူကထည့်နဲ့ မျိုးစုံမဲခိုးခဲ့ကြတယ်။  

ဒါကတော့ မဲခိုးလို့အာဏာသိမ်းရတာပါလို့ ပြောလာမယ့်သူတွေအတွက် ဆင်ခြင်သုံးသပ်နိုင်အောင် ကြိုတင် ပြောပြထားရုံမျှသာပါ။ 

ငွေပေးလာဘ်ထိုး၊ တိုင်းပြည်ဘဏ္ဍာခိုးတတ်ကြတဲ့ စစ်တပ်အသိုင်းအဝိုင်းဟာ တိုင်းပြည်အာဏာကိုလည်း အပေးအယူလုပ်၊ လာဘ်ထိုးပြီး ဖြတ်လမ်းနည်းနဲ့ အာဏာရနိုင်မယ်အထင်နဲ့ ကြိုးစားခဲ့တဲ့ မင်းအောင်လှိုင်တယောက် ထင်သလိုမဖြစ်လာတဲ့အခါ  ပြည်သူ့အာဏာကို လက်နက်အားကိုးနဲ့ လုယူလိုက်တယ်။ 

ဒီလိုလုပ်တာဟာ အကျိုးဆက်အနေနဲ့ ဆိုးဆိုးရွားရွားတွေဖြစ်လာနိုင်မယ်ဆိုတာ သာမန်ဦးနှောက်ရှိရုံနဲ့ စဉ်းစားလို့ရပေမယ့် မင်းအောင်လှိုင်တယောက်ကတော့ အာဏာကို အာသာတငမ်းငမ်းဖြစ်နေလေတော့ တိုင်းပြည်အာဏာကို သေနတ်နဲ့ အလွယ်တကူသာ သိမ်းလိုက်ပါတော့တယ်။ 

စစ်တပ်အာဏာသိမ်းမှုကို မကျေနပ်လို့ သန်းချီတဲ့ပြည်သူတွေ လမ်းပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတယ်။ မင်းအောင်လှိုင်ဦးဆောင်တဲ့ တပ်တွေက အကြမ်းဖက်ဖြိုခွဲကြတယ်။ ဆန္ဒပြလူငယ်တွေကို လမ်းပေါ်မှာ သေနတ်နဲ့ ပစ်သတ်ခဲ့တယ်။ ဖမ်းဆီးရိုက်နှက်ပြီး စစ်ကြောရေးမှာ သတ်ပစ်တာတွေ လုပ်ခဲ့ကြတယ်။  

မြို့ပြတွေရဲ့လမ်းမပေါ်တွေမှာ ပြည်သူတွေရဲ့ ခေါင်းကိုမှန်ခဲ့တဲ့ ကျည်ဆံတွေဟာ မတော်တဆ ဖြစ်ခဲ့တာ မဟုတ်ဘူး။ မင်းအောင်လှိုင်ရဲ့စစ်တပ် အကြမ်းဖက် ရက်စက်ကြမ်းကြုတ်တယ်ဆိုတာ မြို့ပေါ်က ပြည်သူတွေ၊ ကျောင်းသားလူငယ်တွေ ရက်ရက်စက်စက်သတ်ခံခဲ့ရတဲ့ ဓာတ်ပုံ၊ ရုပ်သံမှတ်တမ်းတွေက သက်သေရှိတယ်။ ညဘက်ဖမ်းသွား မနက်မှာ အလောင်းပြန်ထုတ်ခဲ့ရတဲ့ မိသားစုဝင်တွေကလည်း အများအပြားပဲ။  

အာဏာသိမ်းခဲ့တာ ၃ နှစ်ပြည့်တော့မယ့်အချိန်မှာ စစ်တပ်ကသတ်လို့ သေဆုံးသွားရတဲ့ ပြည်သူစုစုပေါင်းဟာ ၄၀,၀၀ ကျော် အထိရှိခဲ့ပြီ။ အဲ့တော့ ပြည်သူအပေါ် ဘယ်သူက အကြမ်းဖက်တာလဲ။ ဘယ်သူတွေက လက်တွေ့ကျကျ ရက်စက်နေတာလဲ။ 

သေနတ်တွေကိုင်ထားပြီး ဘယ်ကောင်သေရဲလဲ၊ သေရဲတဲ့ကောင်ထွက်ခဲ့လို့ စိန်ခေါ်ခဲ့တဲ့ မင်းအောင်လှိုင် စစ်တပ်ရဲ့ တဖက်သတ် ရက်စက်အနိုင်ကျင့်မှုတွေကို မခံနိုင်တဲ့အဆုံး လမ်းပေါ်မှာ ဆန္ဒပြခဲ့ကြတဲ့လူငယ်တွေ တောခို လက်နက်ကိုင်ခဲ့ကြတယ်။ အာဏာရှင်စစ်တပ်ကို သေနတ်ကိုင်တော်လှန်ခဲ့ကြတယ်။ 

ဒီလိုသေနတ်ချင်း ယှဉ်တိုက်ကြတဲ့အခါမှာတော့ မင်းအောင်လှိုင်တပ်တွေရဲ့ သူရဲဘောကြောင်မှုတွေ၊ ပြည်သူလူထုအပေါ် အကြမ်းဖက်ရက်စက်ယုတ်မာမှုတွေဟာ ဆိုးဆိုးရွားရွားသာ ပေါ်လာပါတော့တယ်။ 

မကွေး၊ စစ်ကိုင်းဒေသတွေမှာဆိုရင် မင်းအောင်လှိုင်လက်အောက်ခံ စစ်တပ်ဟာ ကျေးရွာတွေထဲဝင်တယ်။ လူနေအိမ်တွေကို မီးရှို့တယ်။ ကျေးရွာထဲ မပြေနိုင်လို့ ကျန်ခဲ့တဲ့ မသန်စွမ်းတွေ၊ သက်ကြီးရွယ်အိုတွေကို တွေ့သမျှအကုန်သတ်ပြီး လူနေအိမ်တွေနဲ့အတူ မီးရှို့ပစ်တယ်။ 

မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲမှာ မင်းအောင်လှိုင်စစ်တပ်က မီးရှို့လို့ ပျက်စီးခဲ့ရတဲ့ ပြည်သူတွေရဲ့ အိမ်ပေါင်း ၇၀,၀၀၀ ရှိနေပြီ။ အဲ့တော့ ပြည်သူတွေကို ဒုက္ခပေး၊ အကြမ်းဖက်နေတာ စစ်ကောင်စီလား၊ PDF လား။ 

ပြီးတော့ ကျေးရွာတွေထဲက မိန်းကလေးတွေကို PDF ခေါင်းစဉ်တပ် ဖမ်းဆီးပြီး အုပ်စုဖွဲ့ မုဒိမ်းကျင့်ကြတယ်။ ပြီးရင် သတ်ဖြတ်ပြီး သေဆုံးသွားတဲ့အလောင်းကိုတောင် မဖွယ်မရာတွေ လုပ်ခဲ့ကြသေးတယ်။ 

အဲ့တော့ လက်နက်ကိုင်အချင်းအချင်းမတိုက်ဘဲ မဆိုင်တဲ့ ပြည်သူအိမ် မီးရှို့၊ ပြည်သူကို ဖမ်းဆီးသတ်ဖြတ်နေတဲ့ စစ်တပ်ဟာ အကြမ်းဖက်အဖွဲ့ လို့ မဆိုနိုင်ဘူးလား။ 

စစ်ရေးပစ်မှတ်တွေမဟုတ်တဲ့နေရာတွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ပဇီကြီးမှာ ကလေး၊ အမျိုးသမီး အပါအဝင် လူပေါင်း ၁၇၀ သေခဲ့ရတယ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက အနန့်ပါ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ပြည်သူ ၆၀ ကျော်သေခဲ့တယ်။ ကချင်ပြည်နယ် မုန်လိုင်ခက် စစ်ရှောင်စခန်း လေယာဉ်နဲ့ ဗုံးကြဲခံရလို့ လသားအရွယ်ကလေးအပါအဝင် ပြည်သူ ၂၈ ဦး သေခဲ့ရတယ်။ 

၂၀၂၁ ကနေ ၂၀၂၃ ဩဂုတ်လအထိ အာဏာရှင်မင်းအောင်လှိုင်စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၉၀၀ ကျော်မှာ သေဆုံးခဲ့ရတဲ့ အရပ်သားက ၇၀၀ အထိရှိသွားပြီလို့ သုတေသနအဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေမှာ ဖတ်ရတယ်။ အခုအချိန်ထိသာဆိုရင် မင်းအောင်လှိုင်စစ်အုပ်စုရဲ့ လေကြောင်းကနေ အကြမ်းတိုက်ခိုက်နေတာတွေကြောင့် သေဆုံးရတဲ့ပြည်သူဟာ ထောင်ဂဏန်းအနားကို ကပ်နေမှာ ကျိန်းသေပါတယ်။ 

ဒါကြောင့် မြန်မာနိုင်ငံမှာ ပြည်သူကို အကြမ်းဖက်နေတာဘယ်သူလဲ။ တကယ်က မင်းအောင်လှိုင်ကို အကြမ်းဖက်စစ်တပ်ခေါင်းဆောင်လို့ ခေါ်ဝေါ်တာဟာ မှားမယ်လို့ မထင်ဘူး။ မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ခေါင်းဆောင်အစစ်ပဲ။ 

လက်နက်ကိုင်အချင်းချင်း တိုက်ကြတယ်။ စစ်မြေပြင်မှာ ရှုံးနိမ့်တဲ့အခါ ထွက်ပြေးကြတယ်၊ အဖမ်းခံရတယ်။ တချို့က အလင်းဝင်တယ်။ ဒီလိုအခြေအနေမှာ စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းပြီး စောင့်ရှောက်ထားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဆိုတာ မရှိသလောက်ပဲ။ ဘာကြောင့်လဲဆိုတော့ စစ်တပ်ဟာ PDF တွေကို ဖမ်းမိတဲ့အခါ အကုန်သတ်ပစ်တယ်။ သာမန်ပြည်သူဖြစ်နေရင်တောင် PDF ဆိုတဲ့ခေါင်းစဉ်အောက်မှာ အကုန်သတ်တယ်။ ရက်ရက်စက်စက် သတ်တယ်။ 

အညာဒေသမှာ စစ်တပ်အဖမ်းခံရလို့ အသတ်ခံရတဲ့သူတွေဟာ ခေါင်းဖြတ်ခံရတယ်။ ဗိုက်ဖောက်အူထုတ်ခံရတယ်။ ခြေထောက်တွေ၊ လက်တွေ တစချင်းစီ ဓားနဲ့အပိုင်းခံရတယ်။ ခန္ဓာကိုယ်အရေပြားတွေ အခွာခံရတယ်။ 

စစ်ပွဲမှာ လက်နက်ချအညံ့ခံရင် စစ်သုံ့ပန်းအဖြစ်သတ်မှတ်ပြီး စစ်စည်းကမ်းနဲ့အညီ ပြုမှုဆက်ဆံရပေမယ့် စစ်ကောင်စီတပ်ကတော့ ဖမ်းမိသမျှ PDF ကို ပဒက်ဆိုပြီး အကုန်တန်းစီသတ်တာဟာ စုန်းချောင်းကျေးရွာမှာ အသတ်ခံရတဲ့ PDFနဲ့ ပြည်သူ ၁၄ ဦး၊ မြင်းမူ-မြောင်ကားလမ်းမှာ အဖမ်းခံရပြီး အသတ်ခံလိုက်ရတဲ့ PDF နဲ့ ပြည်သူ ၂၆ ဦး၊ မန္တလေးတိုင်း မတ္တရာမြို့နယ်၊ အောင်ကန်သာကျေးရွာက လက်ဖက်ရည်ဆိုင်မှာ ဖမ်းဆီးပြီး သတ်ဖြတ်ခံလိုက်ရတဲ့ ပြည်သူ ၁၃ ဦး စတဲ့ အစုလိုက်အပြုံလိုက်အသတ်ခံရတဲ့ အမှုတွေက သက်သေရှိပါတယ်။ 

ဒါပေမဲ့ စစ်ကောင်စီတပ်စခန်းကို တက်သိမ်းလို့ စစ်တပ်ဘက်က အလံဖြူထောင်တယ်၊ လက်နက်ချအညံ့ခံတယ်၊ အလင်းဝင်လာတယ်ဆိုရင်တော့ တော်လှန်ရေးသမားအင်အားစုတွေက စစ်သုံ့ပန်းစည်းကမ်းအတိုင်းပြုမှု ကျင့်ကြံကြတယ်။ လူ့ဂုဏ်သိက္ခာနဲ့အညီ ထားတယ်။ လိုအပ်တဲ့ ဆေးဝါးကုသပေးတာတွေ လုပ်ပေးတယ်။ အဲ့ဒီလို လုပ်တယ်ဆိုတဲ့ ဓာတ်ပုံ၊ ရုပ်သံမှတ်တမ်းတွေက သက်သေရှိတယ်။ 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ၂ နှစ်ကျော်လောက်ကမှ ပေါ်တဲ့ တော်လှန်ရေးရဲဘော်တွေက သက်တမ်းရင့် မင်းအောင်လှိုင်စစ်တပ်ကြီးထက် စစ်ကျင့်ဝတ်တွေကို လေးစားလိုက်နာကြတယ်၊ တန်ဖိုးထားတယ်။ စစ်သားကောင်းအဖြစ် ကျင့်ကြံအားထုတ်ကြတယ်၊ ကြိုးစားကြတယ်။ 

မင်းအောင်လှိုင်ရဲ့ နောက်လိုက်စစ်တပ်ကြီးကတော့ မင်းအောင်လှိုင် ခိုင်းသမျှအကုန်လုပ်သလို မင်းအောင်လှိုင်ကလည်း သူအာဏာတည်မြဲရေးနဲ့ သူ့မိသားစုကောင်းစားရေးအတွက် ကိုယ့်တပ်ဖွဲ့ဝင်တွေအပါအဝင် တော်လှန်ရေးရဲဘော်တွေနဲ့ ပြည်သူတွေအပေါ် အစွမ်းကုန် ရက်စက်ပြတယ်။ ယုတ်မာပြတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာ ပြည်သူတွေကို အကြမ်းဖက်ရက်စက်ကြမ်းကြုတ်နေတဲ့ အကြမ်းဖက်သမားအစစ်က မင်းအောင်လှိုင်ဖြစ်ပြီး အကြမ်းသမားအဖွဲ့က မင်းအောင်လှိုင်ရဲ့ နောက်လိုက်စစ်တပ်ဖြစ်တယ်ဆိုတာ ကမ္ဘာကြီးမှာ မှတ်တမ်းသက်သေတွေက ရှိနေပါပြီ။    ။

#မြေလတ်အသံ

#ဆောင်းပါး #အတွေးအမြင် #အကြမ်းဖက် #စစ်တပ် #မင်းအောင်လှိုင် #ပြည်သူ #သတ်ဖြတ် #လေကြောင်းတိုက်ခိုက်မှု #သေဆုံး #မီးရှို့ #နှိပ်စက် #တိုက်ပွဲ #စစ်သုံ့ပန်း #တော်လှန်ရေး #တိုင်းရင်းသားလက်နက်ကိုင် #အကြမ်းဖက်စစ်အုပ်စု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10