မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ရွှေဘိုခရိုင် Rescue က ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ရက်အကန့်အသတ်မရှိ ရပ်နား

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ရွှေဘိုခရိုင် Rescue က ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ရက်အကန့်အသတ်မရှိ ရပ်နား

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့မှာအခြေစိုက်ပြီး လူမှုကူညီရေးလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ရွေဘိုခရိုင် Rescue က လူမှုကူညီရေးလုပ်ငန်းတွေကို ရက်အကန့်သတ်မရှိ ရပ်နားလိုက်တယ်လို့ အဖွဲ့ထံက သိရပါတယ်။

လူမှုကူညီရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်ဖို့ အခက်ခဲတွေရှိလာတာကြောင့် အသင်းကို ရပ်နားထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

"လောလောဆယ်တော့ အသင်းကိုနားထားတယ်။ ဘယ်တော့လောက်ပြန်လုပ်မလဲဆိုတာကလည်း သေချာ မပြောတတ်သေးဘူး" လို့ အမည်မဖော်လိုတဲ့ အသင်းဝင်တဦးက ပြောပါတယ်။

အသင်းအနေနဲ့ လူမှုကူညီရေးလုပ်ငန်းတွေကို အောက်တိုဘာ ၁၃ ရက်ကတည်းက ရပ်နားထားတာဖြစ်တယ်လို့ သိရပါတယ်။ 

အခုလို ရပ်ဝေးရပ်နီး လူနာတွေအတွက် ၂၄ နာရီစလုံး ကူညီပေးနေတဲ့ အသင်းအဖွဲ့တခု ရပ်နားလိုက်တာကြောင့် လူနာတွေအတွက် အခက်ခဲတွေဖြစ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘာကြောင့်ရပ်နားလိုက်တာလဲဆိုတာကို အသင်းဝင်တွေက ထုတ်ဖော်ပြောကြာခြင်း မပြုလိုပေမယ့် ဒေသခံ တဦးကတော့ အသင်းကို ရပ်နားလိုက်ရတဲ့ အဓိကအချက်ဟာ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တခုက အသင်းဝင်တွေကို ဖမ်းဆီးတာတွေလုပ်ခဲ့တဲ့အတွက် အခုလိုရပ်နားလိုက်တာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ 

"သူတို့အသင်းက ဆရာတော်နဲ့ အသင်းဝင်တွေကို လက်နက်ကိုင်တဖွဲ့က ဖမ်းဆီးပြီးကတည်းက သူတို့အသင်း နားလိုက်တာ။ အခုကျတော့ ကျန်တဲ့အသင်းတွေကလည်း အဝေးလူနာပါဆို မလိုက်ရဲကြတော့ဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲတဲ့ စက်တင်ဘာ ၂၄ ရက်က အသင်းဥက္ကဌဖြစ်သူ ကိုနေမျိုးထွန်းကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးသွားသလို ၃ ရက်အကြာမှာ အသင်းနာယကဆရာတော်နဲ့အသင်းဝင် ၃ ဦးကို လက်နက်ကိုင်အဖွဲ့တခုက ထပ်မံ ဖမ်းဆီးတာတွေ လုပ်ခဲ့ပါတယ်။ 

ဖမ်းဆီးခံရပြီး ၂ ပတ်အကြာမှာ အဆိုပါ လက်နက်ကိုင်အဖွဲ့က ဆရာတော်အပါအဝင် ၅ ဦး စလုံးကိုပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ရွှေဘိုခရိုင် Rescue ဟာ ၂၀၁၆ ကစတင်ပြီး တရားဝင်မှတ်ပုံတင်ကာ အသင်းကား ၉ စီး အသင်းဝင် ၃၀ ကျော်နဲ့ လူမှုကူညီရေးလုပ်ငန်းတွေကို ကူညီလုပ်ကိုင်ပေးခဲ့တာပါ။

အသင်းအနေနဲ့ တလမှာ မြို့တွင်းလူနာကောက်၊ ဆေးရုံပို့ စတဲ့ လူမှုကူညီရေးလုပ်ငန်းအကြိမ်ရေ  ၅၀ ကျော်နဲ့ အရေးပေါ် လူနာတွေကို ရပ်ဝေးဆေးရုံပို့တဲ့ ကူညီရေးလုပ်ငန်းအကြိမ်ရေ ၁၀၀ ကျော်ပို့ဆောငိနေရတယ်လို့ သိရပါတယ်။

ရွှေဘိုမြို့နယ်အတွင်းမှာ လူမှုကူညီရေးအသင်း ၂၀ နီးပါးရှိသော်လည်း အရေးပေါ်လူနာတွေကိူ ဆေးရုံပို့တာ၊ မတော်တဆထိခိုက်တဲ့လူနာတွေကို ကောက်ယူရေးလုပ်ငန်းတွေ လုပ်ကိုင်တဲ့အသင်း နည်းပါးတယ်လို့ ဆိုပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘိုမြို့# လူမှုကူညီရေး #မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ #ရွေဘိုခရိုင် #Rescue #သတင်း #မြေလတ်သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10