မြန်မာပြည်မှာ ဘာသာ၊ သာသနာဖျက်၊ လူသတ်နေတာ ဘယ်သူလဲ (အတွေးအမြင်)

မြန်မာပြည်မှာ ဘာသာ၊ သာသနာဖျက်၊ လူသတ်နေတာ ဘယ်သူလဲ (အတွေးအမြင်)

 

လောက်ကိုင်ဒေသမှာ MNDAA ယူနီဖောင်းဝတ်ဆင်ထားသူတဦးက စေတီတဆူကို တူနဲ့ထုနေတဲ့ ရုပ်သံဖိုင်တခုကို အကြောင်းပြုပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ဒီလုပ်ရပ်ဟာ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေကို စော်ကားတာဖြစ်ကြောင်း ကြီးကြီးကျယ်ကျယ်လျှောက်ပြောတာ တွေ့လိုက်ရတယ်။ 

ပြီးတော့ စစ်တပ်နောက်လိုက် အမျိုးသားရေးသမားတချို့နဲ့ မဘသသံဃာတချို့ကလည်း ဒီလုပ်ရပ်ကို ကန့်ကွက်ကြောင်း တစိတ်ကို တအိတ်လုပ်ပြီး ရန်ကုန်မြို့အပါအဝင် မြို့တချို့မှာ လမ်းပေါ်ထွက် ဆန္ဒပြလို့ပြနဲ့။ 

တခွန်းတည်းပြောရရင် တိုင်းပြည်အနှံ့စစ်ရှုံးနေတဲ့ စစ်ကောင်စီရဲ့ အကြံကုန်လို့ ဂဠုန်ဆားချက်ချင်နေတဲ့ လုပ်ရပ်ဆိုတာ အားလုံးသိပြီးသားပါ။ မင်းအောင်လှိုင်နဲ့ အပေါင်းအပါ တသိုက်ဟာ တိုင်းပြည်မှာရှိတဲ့ပြည်သူတွေကို ကိုယ်တိုင်သတ်ဖြတ်လို့ အားမရနိုင်တဲ့အဆုံး ဘာသာရေးမှိုင်းတိုက်ပြီး ပြည်သူအချင်းချင်း သတ်ဖြတ်စေချင်တဲ့ ဆန္ဒ၊ တိုင်းပြည်ကို ဒုက္ခတွင်း နက်သထက် နက်အောင်လုပ်ချင်နေတဲ့ ခြေလှမ်းဆိုတာ အကြိမ်ပေါင်းများစွာ ခံထားဖူးတဲ့ ပြည်သူတွေက အသိဆုံးပါ။ 

တကယ်တော့ မြန်မာနိုင်ငံမှာ ဘာသာတရားနဲ့ သာသနာဖျက်ပြီး လူသတ်နေတာ ဘယ်သူလဲဆိုတာ တတိုင်းပြည်လုံး၊ တကမ္ဘာလုံး အသိပါ။ 

စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီကစလို့  ၂၀၂၃ ဧပြီလအထိ နိုင်ငံတဝန်းမှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းအပါအဝင် ခရစ်ယာန်နဲ့ မွတ်ဆလင် ဘာသာရေးအဆောက်အအုံ ၂၀၀ နီးပါးပျက်စီးခဲ့တယ်။ 

အဲ့ဒီအထဲမှာ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဖျက်ဆီးလို့ ပျက်စီးသွားတဲ့ ဘာသာရေးအဆောက်အအုံပေါင်းဟာ ၁၅၈ ခု ရှိတယ်လို့ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များကော်မရှင်(ICJ)က ဆိုထားပါတယ်။ 

ဒီအချက်အလက်ကို ကြည့်ခြင်းအားဖြင့် မင်းအောင်လှိုင်စစ်တပ်နဲ့ အပေါင်းအပါတသိုက်ဟာ ဗုဒ္ဓဘာသာအပြင် တခြားဘာသာဝင်တွေကိုပါ ယုတ်မာစော်ကားမှုတွေ ပိုပြီးကျူးလွန်နေတယ်ဆိုတာ အထင်အရှားပါ။ 

ဒါကြောင့် တကယ်တမ်းတိုင်းပြည်မှာ သာသနာဖျက်၊ ဘာသာဖျက်ဆီးနေသူ အစစ်က မင်းအောင်လှိုင်တို့ စစ်တပ်တသိုက်ဆိုတာ အထင်အရှားပါ။ 

အမျိုးဘာသာသာသနာကို ထိန်းသိမ်းစောင့်ရှောက်ရမယ်လို့ တဖွဖွကြွေးကြော်၊ ဘုရားတည်ကျောင်းဆောက်တာတွေ လုပ်ပြနေပေမယ့် တဖက်မှာတော့ သံဃာတွေကို သတ်၊ ဘုန်းကြီးကျောင်းတွေကို ဖျက်ဆီးနေတာလည်း မင်းအောင်လှိုင်စစ်တပ်ကြီးပါပဲ။ 

မင်းအောင်လှိုင်နဲ့ စစ်တပ်အသိုင်းအဝိုင်းအတွက် ဘာသာရေးဆိုတာ ရာထူးအာဏာတည်မြဲရေးအတွက် ခုတုံးလုပ် အသုံးချခံသပ်သပ်မျှသာပါပဲ။ 

သူတို့ရာထူးအာဏာတည်မြဲရေးအတွက်ဆိုရင် ၂၀၁၂ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ ဘာသာရေး ပြဿနာမျိုး ဖန်တီးဖို့လည်း လက်တွန့်ဝန်လေးနေမယ့် လူစားမျိုးတွေလည်း မဟုတ်ကြပါဘူး။ 

တိုင်းရင်းသားပြည်သူတွေရဲ့ အသက်ထက် သူတို့ရဲ့ ရာထူးအာဏာ၊ စည်းစိမ်တွေကိုသာ ပိုပြီး တန်ဖိုးထား ချစ်ခင်တွယ်တာကြတာပါ။ 

၂၀၂၃ စက်တင်ဘာမှာ ထုတ်ပြန်တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးရဲ့ အစီရင်ခံစာအရ မင်းအောင်လှိုင်စစ်တပ် (မြန်မာစစ်တပ်)ရဲ့ လက်ချက်ကြောင့် အရပ်သားနဲ့တိုက်ပွဲဝင် စစ်သည်မဟုတ်သူ အနည်းဆုံး ၃,၈၀၀ ကျော်သေဆုံးခဲ့ပြီး အဲဒီ့အထဲမှာ အမျိုးသမီး ၆၀၀ ကျော်နဲ့ ကလေး ၃၇၀ ကျော်ပါဝင်ခဲ့တယ်လို့ ဆိုထားပါတယ်။ 

အဲ့ဒီစာရင်းဟာ ၂၀၂၂ ဧပြီလမှ ၂၀၂၃ ဇူလိုင် ၃၁ ရက်အထိသာ ကောက်ခံထားတဲ့စာရင်းဖြစ်ပါတယ်။ 

နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေရဲ့ စာရင်းကိုကြည့်မယ်ဆိုရင်လည်း မြန်မာတနိုင်ငံလုံးမှာ ၁ ဒသမ ၆ သန်း အထိ ရှိတယ်လို့ ဆိုပါတယ်။  တိုက်ပွဲတွေပြင်းထန်နေတဲ့ စစ်ကိုင်းနဲ့ မကွေးမှာက စစ်ရှောင်ထွက်ပြေးနေရသူ အများဆုံးဖြစ်ပြီး စုစုပေါင်း ၁ သန်းကျော်ရှိတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

မင်းအောင်လှိုင်စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူဟာ ၂၈၀ ကျော်ရှိတယ်လို့ ဆိုထားပါတယ်။ ဒီအထဲက တချိန်တည်း၊ တနေရာတည်းမှာ သေဆုံးမှုအများဆုံးကတော့ ပဇီကြီးလေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး ကလေးနဲ့ အမျိုးသမီးအပါအဝင် လူပေါင်း ၁၅၀ ကျော်သေဆုံးခဲ့ရတာပါ။ 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းရဲ့ ပြုစုထားတဲ့ မှတ်တမ်းတွေကို ကြည့်မယ်ဆိုရင်လည်း အာဏာသိမ်းချိန်ကစလို့ ဒီနေ့အထိ မင်းအောင်လှိုင်စစ်တပ်ရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရသူ ဦးရေဟာ ၄,၃၀၀ ကျော်ရှိနေတာ တွေ့ရပါတယ်။ 

ဒီအချက်အလက်တွေက ဘာကိုဖော်ပြနေသလဲဆိုရင် မင်းအောင်လှိုင်ဟာ ဘုရားတည်၊ ကျောင်းဆောက်နဲ့ သူ့ကိုယ်သူ သာသနာပြုမင်းပုံစံဖမ်းနေပေမယ့် သူဟာ ပြည်သူလူထုကိုသတ်ဖြတ်နေတဲ့ လူသတ်သမား တယောက်ထက် မပိုဘူးဆိုတာကို ပြသနေတာပါ။ 

ဒါကြောင့် ရာထူးအာဏာတည်မြဲရေးအတွက် ဘာသာသာသနာကိုခုတုံးလုပ်၊ တိုင်းပြည်က ပြည်သူတွေကို သတ်နေတဲ့ မင်းအောင်လှိုင်ရဲ့ နောက်လိုက် ဇော်မင်းထွန်းက ဆင်သေကို ဆိတ်သရေနဲ့ဖုံးပြီး ကြီးကြီးကျယ်ကျယ်တွေ လိုက်ပြောနေတာတွေ့တော့ ယိုသူမရှက်၊ မြင်သူရှက်ဆိုတာမျိုး ခံစားရတယ်။ 

တိုက်ပွဲတိုင်းရှုံးနေတဲ့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းရဲ့ ပြောသမျှစကားတိုင်းဟာ တိုင်းပြည်အတွက်လည်း မဟုတ်သလို ဘာသာရေးအတွက်လည်း တခုမှမဟုတ်ပါဘူး။ 

သူပြောတဲ့အထဲမှာ "တမျိုးသားလုံး အမြတ်တနိုးထားတဲ့ ဘာသာရေးကိုပါ စော်ကားတဲ့အပြုအမူတွေနဲ့ သွေးတိုးစမ်းလာတာတွေကို ကျွန်တော်တို့အနေနဲ့ ပြန်လည်ပြီး တွန်းလှန်သွားရမယ်။ ပြန်လည်ပြီး သွေး စည်းသွားရမယ်။ ပြန်လည်ပြီး ညီညွတ်သွားရမှာဖြစ်ပါတယ်" ဆိုတဲ့ စကားဟာ ဘာသာရေးအရေခြုံထားတဲ့ စစ်ရေး၊ နိုင်ငံရေးအရ အခွင့်သာလေးမလားဆိုပြီး အမြတ်ထုတ်ချင်တဲ့ သဘောမျှသာပါပဲ။ 

စစ်ရေး၊ နိုင်ငံရေးအရ အမြတ်မထွက်ခဲ့ရင်တောင် ဘာသာရေးပဋိပက္ခတွေဖြစ်လာရင်လည်း စစ်တပ် အတွက်က အရှုံးမရှိပါဘူး။ 

ဒါကြောင့် သတင်းစာဆရာ၊ နိုင်ငံရေးသမားကြီး ဆရာကြီးဦးဝင်းတင်က ပြောတာ “တိုင်းပြည်အပေါ်မှာ စစ်တပ်ရဲ့ ကျေးဇူး မူးလို့တောင် ရှုစရာ မရှိဘူး” လို့။ 

#မြေလတ်အသံ

#ဆောင်းပါး #အတွေးအမြင် #မင်းအောင်လှိုင် #စစ်တပ် #ဘာသာ #သာသနာ #လူသတ် #ဘာသာရေးခုတုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10