မြန်မာပြည်သူတွေ ဘေးကင်းကြပါစေ

မြန်မာပြည်သူတွေ ဘေးကင်းကြပါစေ

မေ ၁၄၊ ၂၀၂၃။

လက်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ချည်းကပ်လာတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြီးရဲ့ လမ်းကြောင်းကိုကြည့်ပြီး ချင်းပြည်နယ်နဲ့ အညာဒေသက ပြည်သူတွေရဲ့ ဘေးအန္တရာယ်ကို တွေးနေမိတယ်။
 
ဘာကြောင့်လဲဆိုတော့ ချင်းပြည်နယ်မှာ မိုခါဆိုင်ကလုန်းမုန်တိုင်းကြီး ပေးလာနိုင်တဲ့ဘေးအန္တရာယ်က လေတိုက်တာအပြင် မြေပြိုတာတွေလည်း ဖြစ်လာနိုင်လို့ပါ။ အညာမှာဆိုရင်တော့ ရေလှောင် တံမကြီးတွေ၊ ဆည်ကြီးတွေနဲ့ တောင်ကျချောင်း၊ သဲချောင်းကြီးတွေက ဒေသခံတွေကို အန္တရာယ် ပေးလာနိုင်တဲ့ အခြေအနေတွေကို တွေးမိလို့ပါ။
 
မုန်တိုင်းက စစ်တွေမြို့ကနေ ကုန်းတွင်းပိုင်းကိုဝင်မယ်လို့ သတင်းတွေမှာ ဖတ်ရတယ်။ လက်လှမ်းမိသလောက် မုန်တိုင်းသွားမယ့်လမ်းကြောင်းတွေကို လိုက်ကြည့်တဲ့အခါမှာ ရခိုင်ကိုဖြတ်ပြီးရင် ချင်းပြည်နယ်တောင်ပိုင်းက မတူပီ၊ ကန်ပလက်၊ မင်းတပ် အဲဒီဒေသကို အရင်ဆုံးဖြတ်မှာပါ။
 
ချင်းပြည်နယ်ဟာ တောင်တန်းဒေသဖြစ်တာကြောင့် အခု မုန်တိုင်းလေတိုက်တဲ့နှုန်းနဲ့ဆိုရင် အဖြစ်နိုင်ဆုံးနဲ့ ကြောက်စရာအကောင်းဆုံးက မြေပြိုတာ (Landslide)တွေပဲ။ လွန်ခဲ့တဲ့ လေးငါးနှစ်က ချင်းပြည်နယ်မြောက်ပိုင်းမှာ မြေပြိုတာတွေဖြစ်လို့ အိမ်တွေပျက်စီးပြီး လူသေတာတွေဖြစ်ဖူးပါတယ်။ ဒါက သာမန်အချိန်မှာ ဖြစ်တာပါ။
အခုလို လေတိုက်နှုန်း၊ မိုးရွာနှုန်းနဲ့ဆိုရင် ချင်းပြည်နယ်အနေနဲ့က မြေပြိုမှုတွေက အထူးဂရုစိုက်ရမယ့် အခြေအနေပါ။
 
နောက်တခုက ချင်းပြည်နယ်မှာ မိုးကြီးပြီဆိုရင် ချင်းတောင်တန်းက စီးဆင်းသမျှရေဟာ အညာဒေသကို ရောက်ပါတယ်။ အဲ့ဒီတော့ အားလုံးသိကြတဲ့အတိုင်း အညာမှာ နာမည်ကြီးတဲ့ ယောချောင်း၊ မြောက်ယမားချောင်းစတဲ့ သဲချောင်းတွေ၊ တောင်ကျချောင်းတွေဟာ အခုလိုအချိန်မှာ ကြောက်စရာအကောင်းဆုံး၊ လူတွေကို ဒုက္ခအပေးနိုင်ဆုံးအရာတွေပါ။
 
အခု မုန်တိုင်းလမ်းကြောင်းအရကြည့်မယ်ဆိုရင် ချင်းပြည်နယ်တောင်ပိုင်းရဲ့ အောက်ဘက်မှာရှိတဲ့ ယောဒေသတွေဖြစ်တဲ့ ဆော၊ လောင်းရှည်၊ ကျောက်ထုနဲ့ ပေါက်၊ ပခုက္ကူ စတဲ့ဒေသက သဲချောင်းကြီးတွေ၊ တောင်ကျချောင်းကြီးတွေဟာ ဒေသခံတွေကို အဆိုးရွားဆုံးဒုက္ခပေးနိုင်တဲ့ အရာတွေပါ။
 
တခါကပခုက္ကူမှာ သဲချောင်းကြီးတခုရေကြီးလို့ ရွာတွေ သဲဖုံးသွားတာ၊ လူတွေသေဆုံးသွားခဲ့ရတဲ့ အဖြစ်အပျက်တွေ ရှိခဲ့ဖူးပါတယ်။ ဒါကြောင့် ပခုက္ကူဒေသဟာ လေဒဏ်ထက် ရေဒဏ်ကပေးတဲ့ အန္တရာယ်ကို ပိုပြီးကြုံရနိုင်တယ်။
 
သဲချောင်းကြီးတွေ ဘေးနားက ကျေးရွာတွေအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားရင် အကောင်းဆုံးလို့ ဆိုချင်ပါတယ်။ နောက်ပြီး ထီးလင်း၊ ဂန့်ဂေါ်ဒေသဟာလည်း မုန်တိုင်းဖြတ်သွားနိုင်တဲ့ ဒေသပါ။ အဲဒီအောက်ဘက်မှာက ပုလဲဒေသပါ။ အဲဒီဒေသတွေဟာ လေတိုက်တဲ့ဘေးအန္တရာယ်အပြင် တောင်ကျချောင်း၊ သဲချောင်းတွေရဲ့ အန္တရာယ်ကို အကြီးမာဆုံးရင်ဆိုင်ရနိုင်ပါတယ်။
 
ပြီးတော့ အဲဒီဒေသမှာ ချင်းတောင်တန်းကိုအမှီပြုပြီး တည်ဆောက်ထားတဲ့ မြောက်ယမားဆည် ရှိပါတယ်။ အချိန်မရွေး ဒုက္ခပေးနိုင်တဲ့အရာပါ။ ဒါကြောင့် အခုမုန်တိုင်းဝင်တာမှာ လေတိုက်တဲ့ဒဏ် အပြင် ရေကြီးနိုင်တဲ့ဘေးကိုလည်း အထူးသတိထားရမှာပါ။
 
မုန်တိုင်းလမ်းကြောင်းမဟုတ်ပေမယ့် နှစ်စဉ် မိုးဦးမှာ ရေဘေးအန္တရာယ်ကြုံရလေ့ရှိတဲ့ မကွေးတိုင်းထဲက မင်းဘူးဒေသ၊ ပွင့်ဖြူ၊ စေတုတ္တရာ အဲဒီဒေသတွေဟာလည်း ရေဘေးအန္တရာယ်ကို စောင့်ကြည့် သတိထားသင့်တဲ့အထဲမှာ ပါပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီဒေသတွေရဲ့ အထက်မှာ ရခိုင်ရိုးမကြီးကိုအမှီပြုပြီး တည်ဆောက်ထားတဲ့ မုန်းချောင်းဆည်၊ ကြီးအုံကြီးဝဆည်၊ စေတုတ္တရာ ဆည်ကြီးတွေရှိနေလို့ပါ။ ဒီဆည်ကြီးတွေဟာ သက်တမ်းရင့် ဆည်ကြီးတွေဖြစ်တာကြောင့်လည်း အထူးသတိထားသင့်တဲ့အရာတွေပါ။
 
သာမန်မိုးရာသီမှာတောင် ၂ ရက်၊ ၃ ရက်လောက် မိုးစွေရင် အဲဒီဆည်ကြီးတွေ ရေလျံပြီး မုန်းချောင်း၊ စလင်းချောင်းကြီးတွေဟာ နှစ်စဉ်လိုလို ဒေသခံတွေကို ရေဘေးဒုက္ခပေးနေတာပါ။ အခုလို ပြင်းအား ကောင်းတဲ့ မုန်တိုင်းဝင်တဲ့အချိန်ဆိုတော့ အဲဒီဒေသက ပြည်သူတွေဟာ အထူးသတိထားသင့်တယ်လို့ ဆိုချင်ပါတယ်။
 
အခု မိုခါ ဆိုင်ကလုန်းသွားမယ့်လမ်းကြောင်းက ရခိုင်၊ ချင်းနဲ့ အထက်အညာဒေသပါ။ ဒါပေမဲ့ ရခိုင်ရိုးမနဲ့ ချင်းတောင်တန်းတွေကို အမှီပြုထားတဲ့ ရေလှောင်တံမံကြီးတွေ၊ ဆည်ကြီးတွေရှိလေတော့ မကွေး တိုင်းနဲ့ စစ်ကိုင်းတိုင်းက ပြည်သူတွေအနေနဲ့ မုန်တိုင်းအန္တရာယ်အပြင် အညာဒေသမှာ နာမည်ကြီးတဲ့ တောင်ကျချောင်း၊ သဲချောင်းကြီးတွေကပေးလာမယ့် အန္တရာယ်ကိုလည်း အထူးသတိထားသင့်တယ်လို့ ဆိုချင်ပါတယ်။
 
ဒါကြောင့် တောင်ကျချောင်း၊ သဲချောင်းတွေရဲ့ ဘေးတွေမှာ နေထိုင်ကြတဲ့ ကျေးရွာတွေက ပြည်သူတွေအနေနဲ့ ဖြစ်လာနိုင်တဲ့ ရေဘေးကို မပေါ့ဆသင့်ပါဘူး။ ဧရာဝတီဒေသမှာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့ အခြေအနေတွေကို နာဂစ်ဆိုင်ကလုန်း မုန်တိုင်းက သက်သေပြခဲ့ပြီးပါပြီ။
 
ဒါကြောင့် အခုလို ဆက်သွယ်ရေးအားကောင်းတဲ့ခေတ်ကြီးမှာ မုန်တိုင်းကြီးမလာခင် တဦးကိုတဦး ဆက်သွယ်သတိပေးရင်း ဖြစ်လာမယ့်ဘေးအန္တရာယ်ကို အကောင်းဆုံးကြိုတင်ပြင်ဆင်သင့်တယ်လို့ ဆိုချင်တယ်။ သတိဆိုတာ ပိုတယ်လို့ မရှိပါဘူး။
 
မြွေပူးရာကင်းမှောက် ဖြစ်လာတဲ့အခြေအနေကြီးကို မြန်မာပြည်သူတွေ ကြံ့ကြံ့ခံပြီး ကျော်ဖြတ်နိုင်ပါစေလို့သာ ဆုတောင်းနေမိပါတယ်။
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10