မြန်မာပြည်အထက်ပိုင်းကိုပို့မယ့် လက်နက်ခဲယမ်းတွေနဲ့ ရဲဘော်တဦး ဇီးရိုးမိုင်မှာ အဖမ်းခံရ

မြန်မာပြည်အထက်ပိုင်းကိုပို့မယ့် လက်နက်ခဲယမ်းတွေနဲ့ ရဲဘော်တဦး ဇီးရိုးမိုင်မှာ အဖမ်းခံရ

မြန်မာပြည်အထက်ပိုင်းကိုပို့မယ့် လက်နက်ခဲယမ်းတွေနဲ့အတူ Borderless Freedom Federal Column - BFFC အဖွဲ့မှ ရဲဘော်တဦးကို ဇူလိုင်လ ၁၆ ရက်မနေ့ကညနေပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ BFFC အဖွဲ့ဆီက သိရပါတယ်။ 

မနေ့ညနေ ၅ နာရီခွဲလောက်က ရန်ကုန်မြို့၊ အမြန်လမ်းမ၊ ဇီးရိုးမိုင် စစ်ဆေးရေးဂိတ်အနီးမှာ စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးတာကိုခံလိုက်ရတာလို့ ဆိုပါတယ်။

“လက်နက်အလက် ၂၀ နဲ့အတူ ရဲဘော်တဦးပါ အဖမ်းခံလိုက်ရပါတယ်၊ Taxi ကားထဲကထုတ်တာမှာ မိသွားတာ။ ကျနော်တို့ ပစ္စည်းအသယ်ပြုလုပ်တဲ့အခါ ဘယ်နေရာကိုအတိအကျလာဖို့ ချိန်းထားပြီးသားပါ၊ အဲဒီအချိန်မှာ သူတခုခုဖြစ်သွားပြီဆိုတာ ကျနော်တို့ကသိသွားတာကြောင့် ပြန်မယ့်လမ်းကြောင်းကို ပြန်ခဲ့တာ” လို့ Borderless Freedom Federal Column မှ ဗိုလ်ကြာစိက ပြောပါတယ်။

သတင်းပေါက်ကြားသွားတဲ့အတွက် အသက် ၃၇ နှစ်အရွယ်ရှိ ရဲဘော်ပြောင်ကြီးနဲ့အတူ ၁၆ နေတိုး ကျည် ၂ ထောင်၊ AK ကျည် ၁ ထောင်၊ သေနတ်အတို ၂ လက်၊ အရှည် ၁၈ လက် ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး တန်ဖိုးအားဖြင့် ကျပ်သိန်း ၃ ထောင်ကျော် ဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။ 

လက်နက်တင်လာတဲ့ကားပေါ်မှာ ရဲဘော်ပြောင်ကြီးတဦးတည်းသာ ပါလာတာဖြစ်ပြီး ကားဆရာကတဆင့် သတင်းပေါက်ကြားသွားတာလည်း ဖြစ်နိုင်တယ်လို့ ဗိုလ်ကြာစိက ဆက်ပြောပါတယ်။  

ဒါ့အပြင် အဖမ်းခံရတဲ့ ရဲဘော်ရဲ့ ဖုန်းကို စစ်ကောင်စီဘက်က ထိန်းချုပ်ထားပြီး အခြားရဲဘော်တွေဆီကို ဆက်သွယ်တာတွေလည်း လုပ်တယ်လို့ဆိုပါတယ်။ 

“စစ်ကောင်စီဘက်က မျှားခေါ်တယ်၊ ကျနော်တို့ရဲဘော်‌တွေလည်း လွတ်လွတ်လပ်လပ်နေရာမှာ ရောက်သွားပါပြီ၊ ဒါပေမဲ့ မိသွားတဲ့လူရဲ့ဖုန်းနဲ့ ဆင့်ပွားဆင့်ပွား ကျနော်တို့ကို လှမ်းခေါ်တယ်၊ ပစ္စည်းတွေနေရာရောက်ပြီဆိုပြီး လှမ်းခေါ်တာ၊ ကျနော်တို့ရဲဘော်တွေက ပါးပါးနပ်နပ်နဲ့ တပ်ခေါက်ပြီးဆုတ်ခဲ့တာ” လို့ ဗိုလ်ကြာစိက ပြောပါတယ်။ 

Borderless Freedom Federal Column အဖွဲ့ဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီကိုတော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတခု ဖြစ်ပါတယ်။ 

ခုနောက်ပိုင်း PDF ဆီပို့မယ့် လက်နက်ခဲယမ်းတွေ မကြာခဏဖမ်းဆီးခံနေရပြီး ပြီးခဲ့တဲ့ မတ်လ ၃ ရက် ညနေပိုင်းမှာလည်း မကွေးတိုင်းအတွင်းက PDF စခန်းတွေဆီပို့မယ့် လက်နက်နဲ့ ခဲယမ်းပစ္စည်းတွေကို အိမ်စီးကားနဲ့သယ်လာချိန် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စမ်းကြီးကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့ပါသေးတယ်။ 

စာတည်း - လင်း

#မြေလတ်အသံ 

#စစ်ကိုင်း #ရန်ကုန် #ဇီးရိုးမိုင် #PDF #လက်နက်ခဲယမ်း #စစ်ကောင်စီ #ဖမ်းဆီး #BorderlessFreedomFederalColumn

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10