မြန်မာဖိုက်တာတွေရဲ့ သောကြာ၊ စနေ၊ တနင်္ဂနွေ (အားကစားသတင်း)

မြန်မာဖိုက်တာတွေရဲ့ သောကြာ၊ စနေ၊ တနင်္ဂနွေ (အားကစားသတင်း)

၂၀၂၅ မတ်လအစောပိုင်းမှာ မြန်မာဖိုက်တာ ၃ ဦးရဲ့ပွဲတွေဆက်တိုက်ရှိနေပြီး မတ် ၇၊ ၈၊ ၉ တွေဖြစ်တဲ့ သောကြာ၊ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ မတူတဲ့ပြိုင်ပွဲ ၃ ခုအတွင်း ယှဉ်ပြိုင်ထိုးသတ်သွားကြမှာ ဖြစ်ပါတယ်။ 

မတ် ၇ ရက်မှာတော့ သက်ပိုင်အောင် ဟာ ဂျပန်ဖိုက်တာ ဟာရူယူကီ တာနီစု နဲ့ ONE Friday Fights 99 မှာ ထိုးသတ်သွားမှာဖြစ်ပြီး မတ် ၈ ရက်မှာတော့ စိုးလင်းဦး ဟာ ရုရှဖိုက်တာ ဒီမီထရီကော့ထွန်း နဲ့ ONE Fight Night 29 မှာ ထိုးသတ်သွားမှာဖြစ်ကာ ဂျော့ရှုဝါဗန်ကတော့ တနင်္ဂနွေနေ့ UFC - 313 မှာ ဂျပန်ဖိုက်တာ ရေးစူရူယာနဲ့ ယှဉ်ပြိုင်ထိုးသတ်သွားမှာ ဖြစ်ပါတယ်။ 

 

■ ONE ရဲ့ထပ်တိုးမြန်မာဖိုက်တာ သက်ပိုင်အောင်

မတ် ၇ ရက် ONE Friday Fights 99 မှာ ဂျပန်ဖိုက်တာ တာနီစုနဲ့ထိုးသတ်မယ့် သက်ပိုင်အောင်ဟာ သူ့အတွက် ONE ပွဲဦးထွက်ကိုထိုးသတ်ရမှာ ဖြစ်ပါတယ်။ သက်ပိုင်အောင်ဟာ အနိမ့်ကန်ချက်တွေ၊ လက်သီးတွဲလုံးတွေနဲ့ ပြိုင်ဘက်ကိုဖြိုတတ်တဲ့ကစားသမားဖြစ်ပြီး ဒူးတိုက်ချက်၊ အမြင့်ကန်ချက်တွေကို တခါတရံမှာထုတ်သုံးတတ်ကာ ပြိုင်ဘက်တိုက်စစ်ကို နင်းခြေနဲ့ဟန့်တားတာ ထိချက်နည်းအောင်ကာကွယ်နိုင်တာကိုလည်း တွေ့ရပါတယ်။ 

အကွာအဝေးချိန်ထိုးတာနဲ့ တိုက်စစ်ပြန်ဖွင့်ဖို့အတွက် အပိုင်စောင့်တာမျိုးရှိတတ်တာကြောင့် ONE ရဲ့ မြန်နှုန်းမြင့်ထိုးသတ်ပုံနဲ့ အသားကျနိုင်ပါ့မလား စောင့်ကြည့်ရပါမယ်။ 

သက်ပိုင်အောင်နဲ့ထိုးသတ်မယ့် တာနီစုကတော့ ONE Friday Fights ပြိုင်ပွဲတွေမှာ ၃ ပွဲထိုး ၃ ပွဲစလုံးအနိုင်ရယူထားနိုင်တဲ့ ဖိုက်တာတယောက်ဖြစ်ပြီး အရပ်အမောင်းအားသာချက်လည်း ရှိနေပါတယ်။ ညာဖြောင့်လက်သီး အားပါပြင်းထန်တာတွေ့ရပြီး သူအနိုင်ရတဲ့ပွဲတွေမှာ အဲ့ဒီလက်သီးချက်ကို သေချာအသုံးပြုသွားပါတယ်။ 

တာနီစုဟာလည်း ပြိုင်ဘက်ကိုအကဲခတ် ထိုးသတ်တတ်တာကြောင့် သက်ပိုင်အောင်နဲ့ ကစားပုံတူတဲ့သဘောမျိုးတွေ့ရပြီး ဘယ်ညာအနိမ့်အမြင့် ကန်ချက်တွေကို ချိန်ဆအသုံးပြုတတ်ကာ တံတောင်ရိုက်ချက်အသုံးပြုတာတော့ အတွေ့ရနည်းပါတယ်။ 

ONE ကိုပထမဆုံးရောက်လာမယ့်သူနဲ့ ONE မှာ ၃ ပွဲဆက်နိုင်ပွဲရထားတဲ့သူတို့ရဲ့ ယှဉ်ပြိုင်ထိုးသတ်ပွဲမှာ ဘယ်သူအနိုင်ရသွားမလဲဆိုတာတော့ မတ် ၇ ရက်ညမှာ ကြည့်ရတော့မှာဖြစ်ပါတယ်။ 

 

■ စာချုပ်ပွဲတွေမှာ ရလဒ်ကောင်းဖို့ကြိုးစားရဦးမယ့် စိုးလင်းဦး

စိုးလင်းဦးကတော့ ONE ရဲ့ပြိုင်ပွဲတွေမှာ နိုင်ပွဲဆက်ဘောနပ်စ်တွေရပြီး ONE ရဲ့စာချုပ်ချုပ်ဆိုခွင့်ကိုရခဲ့တဲ့ မြန်မာဖိုက်တာတဦးဖြစ်တာ လူတိုင်းသိပြီးသားပါ။ စိုးလင်းဦးဟာ စာချုပ်ရပြီး ထိုးသတ်ရတဲ့ပွဲတွေမှာ ရလဒ်မကောင်းတာတွေဖြစ်နေပြီး ရုန်းကန်နေရပါတယ်။ 

ဒါကလည်း ပြိုင်ဘက်တွေကောင်းမွန်လာတာကြောင့်ရော စိုးလင်းဦးရဲ့အသက်အရွယ်ကြောင့်ရော ပါမယ်ထင်ပါတယ်။ ဒါပေမယ့် ONE မှာထိုးသတ်နေတဲ့ မြန်မာဖိုက်တာတွေထဲမှာတော့ စိုးလင်းဦးဟာ ကိုယ့်ကိုယ်ကိုယ် တိုးတက်လာအောင်လုပ်နိုင်တဲ့သူတယောက်အဖြစ် မြင်မိပါတယ်။ အနီးကပ်ဆုံးပြိုင်ပွဲဖြစ်တဲ့ ဆက်ဆန်နဲ့ပွဲမှာဆိုရင် စိုးလင်းဦးဟာ ဆက်ဆန်ရဲ့အားသာချက်တွေကိုလေ့လာခဲ့ပြီး အကောင်းဆုံးတုံ့ပြန်ခဲ့ပါတယ်။ 

စိုးလင်းဦးဟာ နောက်ပိုင်းပွဲတွေမှာ သူအသုံးပြုတာနည်းတဲ့ ခြေကန်ချက်တွေကို ကြိုးစားအသုံးပြုလာတာတွေ့ရပြီး ဖျော်ဖြေမှုကောင်းတဲ့ပြိုင်ပွဲဖြစ်အောင် ဆိုင်ထိုးပြိုင်ထိုးကိုလည်း သူငယ်စဉ်ကအတိုင်း အလျှော့မပေးတမ်း ထိုးသတ်နေတုန်းဖြစ်ပါတယ်။ 

စိုးကြီးလို့ပြောလိုက်ရင် သံမဏိလို့တန်းမြင်ရအောင်မာတဲ့ စိုးလင်းဦးကို စာချုပ်ရတဲ့ပွဲစဉ်တွေထဲမှာ နိုင်ပွဲတပွဲတော့ ရစေချင်မိတာအမှန်ပါပဲ။ ဒီပွဲမှာလည်း သူ့ရဲ့ပြိုင်ဘက်က အရပ်နဲ့လက်တံသာပါတယ်။ ဒါက စိုးလင်းဦးအတွက် အခုမှကြုံရတာမျိုးမဟုတ်ပါဘူး။ စိုးကြီးရဲ့ဖိအားပေးထိုးသတ်ပုံတွေ၊ အနီးကပ်ထွက်လာတဲ့ ပင့်လက်သီးတွေ၊ ပြိုင်ဘက်အဝင်အထွက်အမှားမှာ စောင့်ကျွေးတတ်တဲ့ထောက်လက်သီးတွေဟာ ဒီပွဲမှာအလုပ်ဖြစ်မယ်လို့ ထင်ပါတယ်။ 

ရုရှဖိုက်တာ ကော့ထွန်း ကတော့ စိုးလင်းဦးထက် အရပ်နဲ့လက်တံအားသာချက်ရှိပြီး ဘယ်ခြေဘယ်လက် အသုံးပြုကစားတတ်ကာ ဘယ်တံတောင်ရိုက်ချက်ကို အားကိုးတတ်တာတွေ့ရပါတယ်။ လက်သီးတွဲလုံးပိုင်း ခြေကန်ချက်ပိုင်းတွေမှာတော့ တခြားသောရုရှဖိုက်တာတွေလောက် ကောင်းမွန်တာမျိုးမရှိဘဲ အနီးကပ်ထိုးသတ်ချိန်တွေမှာလည်း ဒူးတိုက်ချက်တွေ့ရနည်းပါတယ်။ 

စိုးလင်းဦးဟာ ဒီပွဲအတွက် ဝိတ်တန်းချိန်စဉ်မှာ ဟိုက်ဒရေးရှင်းစစ်ဆေးချက် အဆင်မပြေဖြစ်ခဲ့တာကြောင့် ဝိတ်တန်းချိန်ညှိထိုးသတ်ပေးရပြီး ထိုးကြေးထဲကလည်း ခွဲဝေပေးရဦးမှာဖြစ်တာကြောင့် စိတ်အနှောင့်အယှက်တော့ ဖြစ်နေနိုင်ပါတယ်။ 

ဒါပေမယ့် ဒီပွဲကိုအရှုံးအနိုင်ပြတ်သားချင်တယ်လို့ ပြောထားတာကြောင့် စိုးလင်းဦးအနေနဲ့ စိတ်မလောဘဲထိုးသတ်နိုင်ရင် ဒုတိယအချီမှာသက်လုံကျသွားတတ်တဲ့ ကော့ထွန်းကို ပွဲပြီးဆုံးခါနီးအချိန်တွေမှာ အနိုင်ယူဖို့စွမ်းဆောင်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။ 

 

■ UFC မှာ မြန်မာအလံကို နိုင်ပွဲနဲ့အတူ လွှမ်းခြုံခွင့်ရနိုင်မလား ဗန် 

UFC မှာထိုးသတ်ခွင့်ရနေတဲ့ တဦးတည်းသော မြန်မာကိုယ်စားပြုဖိုက်တာ ဗန်ကတော့ UFC မှာ ပထမပွဲစတင်ထိုးသတ်ခွင့်ရကတည်းက တောင်းဆိုခဲ့တဲ့ မြန်မာအလံသယ်ဆောင်ခွင့်ကို ရရှိခဲ့ပြီပဲဖြစ်ပါတယ်။ 

မြန်မာအလံခြုံလာမယ့် ဗန် အနေနဲ့ UFC - 313  မှာ ဂျပန်ဖိုက်တာရေးစူရူယာနဲ့  ထိုးသတ်သွားရမှာဖြစ်ကာ ဒီပွဲမှာလည်း ဗန်ရဲ့ထုံးစံအတိုင်း ပွဲနီးမှပြိုင်ဘက်အပြောင်းအလဲ ဖြစ်ခဲ့ပါသေးတယ်။ 

ပွဲနီးမှ နောက်ထပ်အနှောင့်အယှက်ဖြစ်စရာ တခုကလည်း ပြီးခဲ့တဲ့ပြိုင်ပွဲကမှ UFC အဆင့်သတ်မှတ်ချက်ထဲဝင်ထားတဲ့ဗန်ဟာ အခုပွဲမတိုင်ခင်မှာပဲ အဆင့်သတ်မှတ်အပြင်ကိုပြန်ရောက်သွားခဲ့တာပါ။ ဒါဟာဘာမှမဟုတ်ပါဘူးလို့ ပြောနေပေမယ့် ဒီပွဲအနိုင်အရှုံးဟာ အဆင့်သတ်မှတ်ချက်ထဲပြန်ဝင်မဝင် ပြောလို့မရနိုင်တာကြောင့် အနည်းနဲ့အများတော့ စိတ်အနှောင့်အယှက်ဖြစ်စေမှာ သေချာပါတယ်။ 

ဗန် အနေနဲ့ UFC ကိုစရောက်ကတည်းက လူစားထိုးဝင်ကစားခဲ့တဲ့ကစားသမားအနေနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး သူနဲ့ပွဲတည်လိုက်တဲ့ ပြိုင်ဘက်တော်တော်များများဟာလည်း အပြောင်းအလဲ ဖြစ်ပေါ်တတ်တာဟာ ထုံးစံတခုလိုတောင် ဖြစ်နေပါပြီ။ အခုပွဲယှဉ်ပြိုင်ထိုးသတ်ဖို့ပွဲတည်ထားသူက ဘရာဇီးဖိုက်တာ ဘရူနိုဆေးဗားဖြစ်ပြီး ပြိုင်ပွဲနီးမှနုတ်ထွက်သွားပြန်တာကြောင့် ဂျပန်ဖိုက်တာ စူရူယာနဲ့ ပြောင်းလဲထိုးသတ်ရတာဖြစ်ပါတယ်။ 

ဗန်ဟာ ဘယ်ပြိုင်ဘက်ကိုမဆို ငြင်းဆိုခြင်းမရှိထိုးသတ်တာ၊ ဖျော်ဖြေမှုပေးနိုင်တာတွေကြောင့် ပြိုင်ဘက်အပြောင်းအလဲတွေကြားကပဲ ၂၀၂၄ အတွင်း ပွဲစဉ် ၄ ပွဲထိုးသတ်နိုင်ခဲ့ကာ အခုအခါမှာ ၂၀၂၅ အတွက် ပထမဆုံးပွဲကို ထိုးသတ်ရတော့မှာဖြစ်ပါတယ်။ 

ဗန်ဟာ ပြိုင်ဘက်ရဲ့အခြေအနေကိုအကဲခတ်ပြီးမှ သူ့ရဲ့ထိုးသတ်ပုံစံကိုပြောင်းလဲအသုံးပြုတတ်ပြီး အသာစီးရအောင်ကစားနိုင်သူဖြစ်ကာ ဘော်ဒီကိုဦးတည်တဲ့ လက်သီးတွဲလုံးတွေကတော့ ပြိုင်ဘက်တိုင်းအတွက် အိပ်မက်ဆိုးလို ဖြစ်စေပါတယ်။ ဆိုင်ထိုးပြိုင်ထိုးအားသန်သူဖြစ်တဲ့အလျှောက် ချုပ်ကွက်နဲ့ကစားတာကိုတော့ အသုံးချမှုနည်းတာတွေ့ရပါတယ်။ 

ဗန် အနေနဲ့ ချုပ်ကွက်အားပြုကစားတာအားနည်းပေမယ့် ချုပ်ကွက်အသုံးပြုနိုင်ရတဲ့ ပြိုင်ပွဲတွေရှိခဲ့သလို ချုပ်ကွက်နဲ့ကစားတတ်တဲ့ဖိုက်တာတွေကို အကောင်းဆုံးတုံ့ပြန်နိုင်သူတယောက်ဖြစ်တာ သက်ပြေပြခဲ့ပြီးလည်း ဖြစ်ပါတယ်။ 

ဗန်ရဲ့အားနည်းချက်ကတော့ အရပ်အမောင်းပဲဖြစ်ပြီး တဘက်လူက အဲ့ဒီအားနဲ့ဖိလာရင် လက်သီးချက်တွေ ထိမှန်ခံရတတ်ပါတယ်။ 

ဗန်ရဲ့ပြိုင်ဘက် ရေးစူရူယာဟာ Road to UFC ပွဲကနေထွန်းတောက်လာတဲ့ ကြယ်ပွင့်ကစားသမားတဦးဖြစ်ပြီး ချုပ်သိုင်းပိုင်လို့ လုပ်တိုင်းနိုင်ခဲ့သူတယောက်ဖြစ်ကာ UFC မှာ ၁ ပွဲထိုး ၁ ပွဲနိုင်ထားပါတယ်။ 

စူရူယာရဲ့လက်နက်ဟာ ချုပ်ကွက်ဖြစ်ပြီး သူ့ရဲ့ဘယ်ဖြောင့်လက်သီးဟာလည်း အားပါပြင်းထန်တာကို တွေ့ရပါတယ်။ စူရူယာဟာ ဆိုင်ထိုးပြိုင်ထိုးလုပ်တတ်ပေမယ့် ပွဲစကတည်းက ချုပ်ကွက်ရဖို့ အားထုတ်တတ်ပြီး ပုံစံတမျိုးတည်းနဲ့ချုပ်တာမျိုးထက် ပြိုင်ဘက်ရဲ့ရုန်းထွက်တဲ့အခြေအနေပေါ် မူတည်ကာ ချုပ်ကွက်ကိုပြောင်းလဲပစ်တာမျိုးတွေ တွေ့ရပါတယ်။ 

စူရူယာရဲ့အားသာချက်ကတော့ ပွဲအပေါ်မှာအာရုံပျက်သွားတာမျိုးနည်းတာဖြစ်ပြီး အားနည်းချက်ကတော့ ပါဝါပြင်းတဲ့ လက်သီးချက်တွေကိုရင်ဆိုင်ရရင် အတင်းလုံးဖို့ကြိုးစားတတ်တာပါပဲ။ 

UFC - 313 ဟာ ပါရဲယား၊ ဂေ့ဂျီတို့လို့ နာမည်ကြီးဖိုက်တာတွေပါဝင်တာကြောင့် ပွဲတိုင်းဟာ စိတ်ဝင်စားဖို့ကောင်းပြီ ဗန်နဲ့ စူရူယာတို့ရဲ့ပွဲဟာလည်း ဖျော်ဖြေမှုအပြည့်အဝပေးနိုင်မယ်လို့ ထင်မိပါတယ်။ ပြိုင်ပွဲမှာတော့ ဆိုင်ထိုးပြိုင်ထိုးအားသာတဲ့ ဗန်ကပဲအသာရမလား။ ရလာတဲ့အခြေအနေပေါ်မူတည်ပြီး ချုပ်ချင်တိုင်းချုပ်တဲ့ စူရူယာကပဲအနိုင်ရသွားမလားဆိုတာကို တနင်္ဂနွေနေ့မနက်မှာ ကြည့်ရှုရတော့မှာဖြစ်ပါတယ်။ 

#မြေလတ်အသံ 

#အားကစား #UFC #OneChampionship #OneFridayFights #သက်ပိုင်အောင် #စိုးလင်းဦး #ဗန် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10