သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
၂၀၂၅ ခုနှစ်အစမှာ မြန်မာဖိုက်တာတွေကို တောက်လျှောက်ပွဲသွင်းနေတဲ့ ONE Championship ကတော့ ONE Friday Fights 95 မှာလည်း မြန်မာဖိုက်တာ ၃ ဦးရဲ့ပွဲစဉ်တွေကို ထည့်သွင်းကျင်းပသွားမှာ ဖြစ်ပါတယ်။
ဇန်နဝါရီ ၃၁ ရက် ဒီနေ့ည ကျင်းပမယ့်ပြိုင်ပွဲမှာ ပါဝင်ထိုးသတ်သွားမယ့် မြန်မာဖိုက်တာတွေကတော့ အဲမွီ၊ မိုးထက်အောင်နဲ့ စူပါရေချမ်းတို့ဖြစ်ပြီး အဲမွီဟာ ဂျပန်ဖိုက်တာမူဂါဆီတို၊ စူပါရေချမ်းက ထိုင်းဖိုက်တာ ဒန့်၊ မိုးထက်အောင်က ထိုင်းဖိုက်တာ ဆာမင်းဒန်တို့နဲ့ယှဉ်ပြိုင်သွားကြမှာ ဖြစ်ပါတယ်။
အဲမွီနဲ့ထိုးသတ်ရမယ့် မူဂါဆီတိုဟာ အသက် ၂၈ နှစ် အရပ် ၅ ပေ ၉ လက်မရှိပြီး အဲမွီထက်အရပ်နဲ့လက်တံအသာရရှိနေကာ အကွာအဝေးချိန်ဆပြီး ညာခြေကန်ချက်ကိုအားပြုကစားတာ တွေ့ရပါတယ်။ ကစ်ဘောင်ဆင်သမားတွေလိုရွှေ့လျားကစားတတ်ကာ ထိချက်ကောင်းတဲ့ ဘယ်ထောက်၊ ညာဖြောင့်လက်သီးတွေနဲ့ ပွဲချိန်ပြည့်သက်လုံထိန်းကစားနိုင်ပြီး ONE မှာ ၂ ပွဲထိုး၊ ၂ ပွဲစလုံးကို အလဲထိုးနဲ့ အနိုင်ယူထားပါတယ်။ သူ့ရဲ့အားနည်းချက်ကတော့ တံတောင်ရိုက်ချက် အသုံးပြုတာနည်းပြီး လက်တံရှည်တာကြောင့် အနီးကပ်ထိုးသတ်ချိန်တွေမှာ ဘော်ဒီနဲ့ မျက်နှာဟာပွင့်နေတာတွေရှိပါတယ်။
အဲမွီအတွက်တော့ ဒါဟာ တတိယမြောက်ပွဲဖြစ်ပြီး ခက်ခဲတဲ့ပြိုင်ဘက်နဲ့ရင်ဆိုင်ရတာဖြစ်ပါတယ်။ ပြိုင်ဘက်ကို သတိထားကစားရမယ့် ဒီပွဲမှာ အဲမွီရဲ့ဘယ်ခြေအနိမ့်ကန်ချက်တွေ၊ ညာထောက်လက်သီးတွေ၊ ရုတ်တရက် တိုးလိုက်တဲ့ ဘယ်ညာတွဲလုံးတွေ အံဝင်ခွင်ကျ ထုတ်သုံးလာနိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
စူပါရေချမ်းနဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့် ဒန့်ကတော့ အသက် ၂၆ နှစ် အရပ် ၅ ပေ ၆ လက်မရှိကာ LWC Super Champ ပြိုင်ပွဲမှာ ရွှေခါးပတ်ရရှိထားသူဖြစ်ပြီး ဒီပွဲဟာ သူ့အတွက် ONE မှာ ထိုးသတ်မယ့် ပထမဆုံးပွဲဖြစ်ပါတယ်။ ပြင်ပပွဲစဉ်တွေ ၆၀ ဝန်းကျင်ထိုးသတ်ထားပြီး နိုင်ပွဲ ၅၀ အထိရှိတယ်လို့ သိရပါတယ်။
ညာခြေအမြင့်ကန်ချက်ကောင်းမွန်ပြီး အကွာအဝေးချိန်ဆထိုးတတ်တဲ့ဖိုက်တာမျိုးဖြစ်ကာ အမှတ်ယူထိုးသတ်ပုံလည်း ကောင်းမွန်ပါတယ်။ အားနည်းချက်အနေနဲ့ကတော့ လက်သီးထိုးချက်တွေ သိပ်မသွက်ဘဲ ပြိုင်ဘက်ရဲ့ကောင်တာတွေကို ကာကွယ်ဖို့ အနည်းငယ်လေးလံတာတွေ့ရပါတယ်။
စူပါရေချမ်းကတော့ ထိုးသတ်ပုံစုံလင်ပြီး လက်သီးတွဲလုံးတွေကောင်းမွန်ကာ ရဲရဲတိုးပြီးထိုးနိုင်တာ တွေ့ရပါတယ်။ ဘယ်ထောက်လက်သီးနဲ့ အနီးကပ်ဘော်ဒီထိုးချက်တွေသွက်လက်တာကိုတွေ့ရပြီး လူချင်းပူးကပ်ချိန် ဒူးတိုက်ချက်တွေလည်း သုံးနိုင်ပါတယ်။ အားနည်းချက်ကတော့ ထိကျပါဝါအားနည်းတာကိုတွေ့ရပြီး ပြိုင်ဘက်ထက်အရပ်အမောင်းနိမ့်တာကြောင့် ရင်းထိုးရမယ့်အပိုင်းတွေရှိနေပါတယ်။ ပထမပွဲမှာ ထိုးချက်အသာရနေတာတောင် အမှတ်နဲ့ရှုံးနိမ့်ခဲ့ရတဲ့ စူပါရေချမ်း ဒီပွဲမှာရော ထိုင်းဖိုက်တာကိုအနိုင်ယူနိုင်ပါ့မလား။
မိုးထက်အောင်နဲ့ထိုးသတ်မယ့် ထိုင်းဖိုက်တာဆာမင်းဒန်ကတော့ လိပ်နင်ဂျာလို့နာမည်ပြောင်ရရှိထားပြီး လူသိများပြီးသား ဖိုက်တာ ၁ ဦးဖြစ်ပါတယ်။ အသက် ၂၂ နှစ်နဲ့ ONE မှာ ၇ ပွဲထိုး ၄ ပွဲအနိုင်ရရှိထားကာ အောက်ခြေကန်ချက် ညာဖြောင့်လက်သီးတို့ကိုအသုံးများပြီး ထိရောက်ကောင်းမွန်တာလည်း တွေ့ရပါတယ်။ ဘယ်ဝိုက်လက်သီးကိုလည်း အလစ်အငိုက်ထုတ်သုံးတတ်ပြီး ထိကျပါဝါရှိပါတယ်။ အားနည်းချက်ကတော့ တံတောင်ရိုက်ချက်အားနည်းပြီး အတင်းဝင်လုံးတဲ့ကစားသမားမျိုးနဲ့တွေ့တဲ့အခါနဲ့ သူ့ရဲ့ မျက်နှာကို ထိတာနဲ့ ပြာသွားတတ်တာကို တွေ့ရပါတယ်။
မိုးထက်အောင်ကတော့ ဂျပန်ဖိုက်တာ ၂ ယောက်ကိုဆက်တိုက်အနိုင်ရရှိပြီး အရှိန်ရနေချိန် ကျန်းမာရေးအခြေအနေအရ အနားယူနေခဲ့ရကာ အခုမှပွဲပြန်လည်ထိုးသတ်မှာပဲ ဖြစ်ပါတယ်။ မိုးထက်အောင်ဟာ မာဂုဏ်မြင့်မားသလို ပြိုင်ဘက်အပေါ်မူတည်ပြီး သူ့ရဲ့လက်သီးချက်တွေ ပစ်သွင်းနိုင်ဖို့ ကြိုးစားတဲ့ကစားသမား ဖြစ်ပါတယ်။
အနီးကပ် ဘော်ဒီထိုးချက်တွေ ဒူးတိုက်ချက်တွေလည်းကောင်းမွန်ပြီး ပွဲကိုအပြတ်ဖြတ်နိုင်တဲ့ ပါဝါလည်းရှိပါတယ်။ အားနည်းချက်အနေနဲ့ မျက်နှာကိုကာတဲ့လက်ကျနေတတ်ကာ လက်သီးတွဲလုံးထက် တချက်ချင်းထိုးဖို့ကိုသာ အာရုံရှိတာတော့ တွေ့ရပြီး သူ့ရဲ့ကျန်းမာရေးအခြေအနေက ပွဲအပေါ်မှာသက်ရောက်နိုင်မလား ကြည့်ရပါမယ်။
ဒီပွဲဟာ နှစ်ယောက်စလုံးက ထိကျပါဝါရှိကာ ဆိုင်ထိုးပြိုင်ထိုးတတ်ကြသူတွေမို့ ကြည့်ကောင်းမှာဖြစ်ပြီး ပွဲအတွင်း အရှုံးအနိုင်အဖြေပေါ်နိုင်မယ့်ပွဲဖြစ်မယ်လို့ ထင်ပါတယ်။
#မြေလတ်အသံ
# ONEFridayFights-95 #အဲမွီ #စူပါရေချမ်း #မိုးထက်အောင် #ထိုးသတ်
Share Share Share