သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ဇန်နဝါရီ ၃၁ ရက် ဒီနေ့ညမှာ ထိုးသတ်ခဲ့တဲ့ ONE Friday Fights 95 မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ မြန်မာဖိုက်တာ ၃ ဦးမှာ အဲမွီနဲ့ စူပါရေချမ်း ပြိုင်ဘက်တွေကို အလဲထိုးအနိုင်ရပြီး မိုးထက်အောင်ကတော့ အမှတ်နဲ့ အရှုံးပေးခဲ့ရပါတယ်။
■ အဲမွီရဲ့ ချိုမြိန်တဲ့အနိုင်
အဲမွီဟာ ဒီပွဲမှာ နှစ်ကြိမ်တိုင်တိုင်အမှတ်စဉ်ရေတွက်ခံရပြီးမှ ဒုတိယအချီအစမှာ အလဲထိုးနဲ့အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
အဲမွီဟာ ဒီပွဲအတွက် ပြိုင်ဘက်ရဲ့အနေအထားကိုသေချာအကဲခတ်လာခဲ့ပုံရပြီး ပွဲစဉ်စကတည်းက အပြိုင်ကန်ချက်တွေနဲ့ ဖွင့်ခဲ့ကြပါတယ်။
အဲမွီရဲ့ ဘယ်ခြေနဲ့ ညာဖြောင့်လက်သီးတွေဟာ ထိရောက်တာတွေ့ရပြီး မူဂါဆီတိုရဲ့ ခြေကန်ချက်တွေကို ရှောင်သွားတာတွေဟာ ကောင်းမွန်ပါတယ်။ ခြေကန်ချက်တခုတည်း အားကိုးလို့မရမှန်းသိလာတဲ့ မူဂါဆီတိုဟာ အဲမွီကိုဖိလိုက်ပြီး တံတောင်ရိုက်ချက်တွေသုံးလာပါတယ်။ အကွာအဝေးကိုချိန်ဆော့ခဲ့ပြီး ဘယ်ညာ လက်သီးချက်တွေ သတိထားသုံးနေတဲ့ အဲမွီရဲ့ဘယ်လက်သီးဟာ မူဂါဆီတိုကိုကွဲသွားစေပါတယ်။
ပွဲမှာ မရှုံးချင်တဲ့မူဂါဆီတိုဟာ ဖိအားပေးကစားရင်းနဲ့ ဘယ်ဝိုက်လက်သီးချက်တွေနဲ့ချည်း အဲမွီကို အမှတ်စဉ် ၂ ကြိမ် ရေတွက်ခံရစေပါတယ်။
ဒုတိယအချီအစမှာတော့ အသာရနေတဲ့မူဂါဆီတိုဟာ ဖိအားပေးထိုးသတ်လာပြီး အဲမွီအထိနာစေခဲ့ပါတယ်။ ပွဲရဲ့အဆုံးအဖြတ်အလှည့်အပြောင်းဟာ တခဏအတွင်းဖြစ်သွားခဲ့ပြီး မူဂါဆီတိုရဲ့ညာဖြောင့်လက်သီးကိုရှောင် ဘယ်ဝိုက်လက်သီးထုတ်လိုက်တဲ့အဲမွီကြောင့် မူဂါဆီတိုတယောက် မေးရိုးကိုထိပြီး ပြန်ထမလာနိုင်တော့ပါဘူး။
ပြိုင်ပွဲဟာ နှစ်ယောက်စလုံး ဆိုင်ထိုးပြိုင်ထိုးတာကြောင့် ကြည့်ကောင်းခဲ့ပြီး အနိမ့်အခြေအနေကနေ ဇွဲရှိရှိနဲ့အနိုင်ရရှိတဲ့ အဲမွီကတော့ ONE ကချီးမြှင့်တဲ့ ဘောနပ်စ်ဆုကိုပါ ရရှိခဲ့ကာ ချိုမြိန်တဲ့နိုင်ပွဲဖြစ်ခဲ့ပါတယ်။
■ ပထမအချီ အလဲထိုးနိုင်ပွဲရပေမယ့် ဘောနပ်စ်မရခဲ့တဲ့စူပါရေချမ်း
ဒီပြိုင်ပွဲမှာတော့ ထိုင်းဖိုက်တာ ဒန့်ဟာ ပရိသတ်အားကိုးနဲ့ ပြိုင်ဘက်အပေါ်လေးစားတဲ့အပြုအမူရှိမနေခဲ့သလို စူပါရေချမ်းကလည်း လက်ခမောင်းခတ်ပြီး တုံ့ပြန်ခဲ့ပါတယ်။
ပွဲအစမှာ လက်သီးတွေ ချိန်ဆရင်းစခဲ့ပေမယ့် ဒန့်ရဲ့ညာခြေကန်ချက်က ပွဲကိုလှုပ်နှိုးလိုက်ပါတယ်။ စူပါရေချမ်းက ဘယ်ညာလက်သီးချက်တွေနဲ့တုံ့ပြန်ခဲ့ပြီး ဒန့်ကတော့ သူ့ရဲ့ကန်ချက်ကို အားကိုးကာ အနိမ့်ကန် အမြင့်ကန်တွေနဲ့ပဲ ပွဲကိုထိန်းပါတယ်။ ပွဲအတွင်း လူကောင်ကွာဟမှုဟာ စူပါရေချမ်းရဲ့ပရိသတ်တွေအတွက် စိုးရိမ်စရာဖြစ်ခဲ့ပေမယ့် သူကတော့ နောက်တချက်မတွန့်ဘဲ တိုးကပ်ပြီးထိုးခဲ့ပါတယ်။
ဒန့်ရဲ့ကန်ချက်တိုင်း ယိုင်သွားခဲ့ပေမယ့်လည်း ဆက်တိုးမြဲထိုးမြဲရှိခဲ့တဲ့ စူပါရေချမ်းကို ဒန့်က ခြောက်လိုက် လှန့်လိုက်လုပ်ပြတာမျိုးတွေတောင်ရှိခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ စူပါရေချမ်းရဲ့ ဘော်ဒီထိုးချက် ဘယ်ညာတွဲလုံးနဲ့အတူ ဆက်တိုက်ဖိလိုက်ခဲ့ပြီး လက်သီးချက်က ဒန့်ရဲ့မေးရိုးကိုထိကာ ယိုင်ထွက်သွားချိန် အနီးကပ်ပူးကပ်ပြီး ပင့်လက်သီးတွေဆက်တိုက်သုံးခဲ့တာကြောင့် ချက်ကောင်းထိပြီး ဒန့်မှောက်ကျသွားပါတယ်။
အဲ့ဒီအချိန်မှာ ဒိုင်က ဒန့်ကို စောင့်ပြီးမှ အမှတ်စဉ်ရေတွက်ခဲ့ပေမယ့် ပြန်လွှတ်ချိန်မှာလည်း စူပါရေချမ်းရဲ့ ဘယ်ဘော်ဒီ ညာမေးရိုးလက်သီးဒဏ် မခံနိုင်တော့ဘဲ ဒန့်လဲကျသွားကာ ပြန်ထမလာတော့တာကြောင့် စူပါရေချမ်း အလဲထိုးနဲ့ အနိုင်ရသွားပါတယ်။
စူပါရေချမ်းအတွက်တော့ ပထမပွဲတုန်းက ထိချက်သာပြီးအရှုံးပေးခဲ့ရသလို အခုပွဲမှာလည်း စွမ်းဆောင်ရည်ကောင်းပြသနိုင်ပေမယ့် ဘောနပ်စ်ဆုမရခဲ့ပြန်တာကြောင့် စိတ်မကောင်းစရာပါ။
■ အမှတ်နဲ့ရှုံးနိမ့်ခဲ့တဲ့ မိုးထက်အောင်
ဒီပြိုင်ပွဲဟာ ONE နဲ့ ကာလအတန်ကြာဝေးကွာနေတဲ့ မိုးထက်အောင်ရဲ့ တတိယမြောက်ပွဲဖြစ်ပြီး ဆာမင်းဒန်အတွက်တော့ ၈ ပွဲမြောက်ယှဉ်ပြိုင်ရတာပါ။
ပွဲအစမှာ တယောက်နဲ့တယောက်အကဲခတ်နေပြီး မိုးထက်အောင်ကတော့ ထိုးလိုက် စိန်ခေါ်လိုက်လုပ်ကာ ဆာမင်းဒန်ကတော့ သူ့အားပါတဲ့ညာခြေကန်ချက်တွေနဲ့ လိုက်ပါတယ်။ မိုးထက်အောင် ထိုးလိုက်ရှောင်လိုက်နဲ့ ကစားနေခဲ့ပြီး ဆာမင်းဒန်ရဲ့ ဘယ်ညာတွဲလုံးထိတာကိုလည်းတွေ့ရပါတယ်။ မိုးထက်အောင် ထိုးလိုက်ရှောင်လိုက် လုပ်နေတာဟာ အန္တရာယ်နဲ့ကစားနေပုံမျိုးတွေ့ရပေမယ့် အဲ့ဒီပုံစံကြောင့်ပဲ ဆာမင်းဒန် အခက်တွေ့နေပါတယ်။
ဒုတိယအချီမှာတော့ ဆာမင်းဒန်ဟာ အောက်ခြေကန်ချက်နဲ့ ညာဖြောင့်လက်သီးကိုသုံးလာပြီး ထိရောက်တာလည်း တွေ့ရပါတယ်။ မိုးထက်အောင် ဘယ်ညာတွဲလုံးနဲ့ ပြန်လိုက်တာကြောင့် ဆာမင်းဒန် သတိထားကစားသွားပါတယ်။ နှစ်ယောက်စလုံး နောက်မဆုတ်တမ်းထိုးသတ်ခဲ့ကြပြီး ဆာမင်းဒန်ရဲ့ ခြေကန်ချက်နဲ့ မိုးထက်အောင်ရဲ့ လက်ပြန်ရိုက်ချက်တွေ အပြန်အလှန်ထိခဲ့ကြပါတယ်။
တတိယအချီမှာလည်း ဆာမင်းဒန်ဟာ ခြေကန်ချက်နဲ့ ညာဖြောင့်လက်သီးကိုအသုံးပြုနေပြီး မိုးထက်အောင်ကတော့ လူချင်းပူးကပ် ဘယ်ညာတွဲလုံးတွေနဲ့ ဒုက္ခပေးပါတယ်။ မိုးထက်အောင် လက်သီး တချက်ချင်းထိရောက်အောင်ကြိုးစားလိုက် လက်ပြန်ရိုက်လိုက်လုပ်ပါတယ်။ ဆာမင်းဒန်ကတော့ အကဲခတ်ရင်းနဲ့ ဘယ်ထောက်လက်သီးတွေ ခြေကန်ချက်တွေကို အသုံးပြုရင်း ပြိုင်ပွဲဟာ ပြီးဆုံးသွားပါတယ်။
ပွဲအပြီးမှာတော့ ထိချက်ပိုသာတဲ့ ဆာမင်းဒန်ကို အမှတ်ပေးဒိုင် ၃ ဦးစလုံးက အနိုင်ပေးခဲ့တာကြောင့် မိုးထက်အောင်အတွက် ONE Friday Fight မှာ ပထမဆုံး ရှုံးပွဲကြုံခဲ့ရပါတယ်။
Photo - SS From ONE Friday Fights 95 Live.
#မြေလတ်အသံ
# ONEFridayFights95 #အဲမွီ #စူပါရေချမ်း #မိုးထက်အောင် #အလဲထိုး #ချိုမြိန်
Share Share Share