မြန်မာလူငယ် ၁,၀၀၀ ကျော်အတွက် အမေရိကန်က ပညာသင်ဆုပေးမည်

မြန်မာလူငယ် ၁,၀၀၀ ကျော်အတွက် အမေရိကန်က ပညာသင်ဆုပေးမည်

ထိုင်းနိုင်ငံနဲ့ ဒေသတွင်းနိုင်ငံတွေမှာရှိတဲ့ အဆင့်မြင့်ပညာရေးတက္ကသိုလ်တွေက ပေးအပ်တဲ့ ပညာရေးဘွဲ့တွေအပြင် အမေရိကန်ပြည်ထောင်စု အရီဇိုးနားတက္ကသိုလ်က သင်ကြားပို့ချသော အွန်လိုင်းဘာသာရပ်တွေကို မြန်မာနိုင်ငံက ကျောင်းသူ၊ ကျောင်းသား ၁,၀၀၀ ကျော်အတွက် သင်ကြားခွင့်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

ဖေဖော်ဝါရီ ၂၉ ရက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID)ရဲ့ မတူကွဲပြားမှုနဲ့ အားလုံးပါဝင်ခွင့်ရှိသော ပညာသင်စုအစီအစဉ် မိတ်ဆက်ခြင်းအခမ်းအနားမှာ အခုလို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ 

ဒီပညာသင်ဆုဟာ မြန်မာနိုင်ငံအတွင်းက အခွင့်အရေးဆုံးရှုံးမှု အများဆုံးရင်ဆိုင်နေရတဲ့ လူငယ်တွေကို ဦးစားပေး ကူညီထောက်ပံ့ပေးသွားမှာဖြစ်ပြီး လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှုကို အကျိုးပြုစေမယ့် မျိုးဆက်သစ် လူငယ်ခေါင်းဆောင်တွေကို အဆင့်မြင့်ပညာရေးနဲ့ စွမ်းအားမြှင့်တင်သွားရန် ရည်ရွယ်တဲ့ပညာရေး အစီအစဉ် ဖြစ်တယ်လို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံရဲ့ လူဦရေး ၄၅ ရာခိုင်နှုန်းဟာ အသက် ၂၅ နှစ်အောက် လူငယ်တွေဖြစ်ပြီး မြန်မာနိုင်ငံဟာ အဲဒီလူငယ်တွေ မျိုးဆက်ပျောက်ဆုံးမယ့်(အနာဂတ်မဲ့)အခြေအနေကို ရင်ဆိုင်နေရကြောင်း၊ ဒီလိုစိုးရိမ်ဖွယ်အခြေအနေမျိုးကို ရင်ဆိုင်နေရတာကြောင့် ဒီအခြေအနေကို ကာကွယ်နိုင်ရန် အခုပညာသင်ဆုအစီအစဉ်ဟာ အမေရိကန် ပြည်ထောင်စုရဲ့ ကြိုးပမ်းလုပ်ဆောင်ချက်တွေထဲက တခုဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး အကြီးအကဲ ဆူဆန်စတီဗင်ဆင်က ပြောပါတယ်။ 

“မဟာဗျူဟာမြောက် ပညာရေးရင်းနှီးမြှုပ်နှံမှုဖြစ်သလို မြန်မာနဲ့ ကမ္ဘာတဝှမ်းမှာ ပိုမိုအပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေဖြစ်ဖို့အတွက် ကျနော်တို့ရဲ့ ကြိုးပမ်းလုပ်ဆောင်ချက်ဖြစ်တယ်” လို့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ(USAID) အာရှရေးရာ လက်ထောက်အုပ်ချုပ်ရေးမှူး မိုက်ကယ်ရှစ်ဖာက ပြောပါတယ်။ 

အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ(USAID)နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက အင်တာနက်စာမျက်နှာ www.usaid.gov/buram တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး @USAIDBurma Facebook နဲ့ Twitter  တို့မှာလည်း ဖတ်ရှုနိုင်ကြောင်း၊ ပညာဆုနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက www.usaiddip.com အင်တာနက်စာမျက်နှာမှာ လေ့လာနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

#မြေလတ်အသံ

#ပညာသင်ဆု #အမေရိကန် #လူငယ် #စစ်မှုထမ်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10