မြန်မာ့လက်မှုပညာ မပျောက်ပျက်ဖို့ လက်ယက်ကန်းစင်တွေ ဆောက်လုပ်လှူတန်း

မြန်မာ့လက်မှုပညာ မပျောက်ပျက်ဖို့ လက်ယက်ကန်းစင်တွေ ဆောက်လုပ်လှူတန်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလပိုင်းက ယက်ကန်းစင်တွေ မီးရှို့ခံလိုက်ရတဲ့အတွက် လက်မှုပညာနဲ့ မြန်မာ့ယဥ်ကျေးမှုတွေ မပျောက်ပျက်အောင် အသစ်ပြန်လည်လှူတန်းတာတွေ လုပ်နေတယ်လို့ S&C အဖွဲ့ကတဆင့် သိရပါတယ်။

မတ်လ ၁၄ ရက်ဒီကနေ့မှာ လက်ယက်ကန်း ၂ စင်လှူတန်းနိုင်ခဲ့ပြီး နောက်ရက်တွေမှာလည်း ဆက်လက်လှူတန်းသွားဖို့ရည်မှန်းထားကာ မတ်လ တလအတွင်း ယက်ကန်းစင် ၁၀ စင်လှူတန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။


“အလှူရှင်တွေလည်း တချို့တဝက်ရှိတယ်၊ လိုတဲ့ဟာလည်း ကျနော်တို့ ရန်ပုံငွေကနေ စိုက်ထုတ်လှူတန်းမှာပေါ့နော်၊ သယ်ယူပို့ဆောင်ရေးကြောင့် ၂ စင်ပဲရောက်သေးတာ၊ ကျနော်တို့လည်း ကိုယ်ပိုင်ယာဉ်မရှိသေးလို့ ထော်လာဂျီငှားပြီး မီးလောင်ပြင်ထိသွားပို့ရတာ၊ စင်တွေကရှိနေပြီ"လို့ S&C အဖွဲ့တာဝန်ခံ ကိုစိုးမိုးအောင်က ပြောပါတယ်။

လက်ယက်ကန်းစင် ၁ ခုကို ၆ သိန်းခွဲကုန်ကျပြီး၊ ယက်ကန်းစင်ဆောက်လုပ်တာဟာ တခြားပစ္စည်းဆောက်လုပ်ပုံတွေနဲ့မတူဘဲ အနုစိတ်ကာလက်ဝင်တဲ့အတွက် တော်ရုံလူဆောက်လုပ်ဖို့ခက်ခဲပြီး စင်လုပ်တဲ့နေရာမှာလည်း လုပ်ကိုင်ရတာ နှောင့်နှေးတာတွေရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်မှာ ရွှေဘိုနယ်မှာရှိတဲ့ ကျေးရွာ ၄ရွာက လက်ယက်ကန်း ၁၈၀ ကျော်နဲ့ စက်ယက်ကန်းတွေ စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်စီးတာကို ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

 စာတည်း - လင်း

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10