သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ရုပ်သံထုတ်လွှင့်မှုလုပ်ငန်းတွေ တိုးတက်အောင်ပြုလုပ်ပြီး စည်းရုံးကြဖို့ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းရဲ့လက်အောက် မြဝတီရုပ်သံထုတ်လွှင့်ရေးအဖွဲ့တွေကို မှာကြားလိုက်ပါတယ်။
ဇန်နဝါရီ ၂၂ ရက် မနေ့နေ့လယ်ပိုင်းက နေပြည်တော်၊ တောင်ညိုရှိ တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်ကို သွားရောက်စဥ် စစ်ခေါင်းဆောင်က အခုလိုထည့်သွင်းမှာကြားခဲ့တာကို မြဝတီသတင်းကနေတဆင့် ထုတ်ပြန်လာတာပါ။
ရုပ်သံထုတ်လွှင့်မှုလုပ်ငန်းတွေဆောင်ရွက်ရာမှာ အခြားပြည်တွင်း၊ ပြည်ပသတင်းဌာနတွေရဲ့ ထုတ်လွှင့်နေမှုတွေကို ကြည့်ရှုလေ့လာပြီး ရုပ်သံထုတ်လွှင့်မှု အားနည်းချက်၊ အားသာချက်များကို သင်ခန်းစာဖော်ထုတ်ကာ ရုပ်သံထုတ်လွှင့်မှုများတိုးတက်စေရေး ဆောင်ရွက်ရမယ်လို့ ၎င်းက ဆိုပါတယ်။
“ ရုပ်မြင်သံကြားထုတ်လွှင့်ရေးလုပ်ငန်းများဟာ လူထုဆက်ဆံရေးလုပ်ငန်းတခုပင်ဖြစ်ကြောင်း၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးရုံးရဲ့ရည်ရွယ်ချက်မှာ ပြန်ကြားပေးရန်၊ ဖျော်ဖြေပေးရန်၊ ပညာပေးရန်နဲ့ စည်းရုံးရန်ဖြစ်ကြောင်း၊ နည်းမှန်လမ်းမှန် ပြန်ကြားပေးခြင်း၊ ဖျော်ဖြေပေးခြင်းနဲ့ ပညာပေးခြင်းတို့ကိုဆောင်ရွက်ပေးခြင်းတို့ဟာ စည်းရုံရေးကို ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း” စစ်ခေါင်းဆောင်က ပြောပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းပြီး လူထုထောက်ခံမှုသိသိသာသာကျဆင်းနေတဲ့ စစ်ကောင်စီတပ်ဟာ စစ်ကောင်စီထောက်ခံတဲ့ သရုပ်ဆောင်တွေကို ခေါ်ယူကာ ဝါဒဖြန့်ချီရေးဇာတ်ကားတွေ ရိုက်ကူးထုတ်လွှင့်ဖြန့်ချီတာတွေလုပ်ဆောင်နေသလို ၎င်းတို့လက်အောက် မြဝတီရုပ်သံထုတ်လွှင့်မှုတွေကနေ စည်းရုံရေးလုပ်ဆောင်ဖို့ တိုက်တွန်းလာတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ခေါင်းဆောင်က တပ်တွင်းစည်းရုံးရေးအပြင် တပ်ပြင်စည်းရုံးရေးကိုပါ အားထည့်လုပ်ဆောင်ကြဖို့ကိုလည်း ၎င်းရဲ့တွေ့ဆုံပွဲနဲ့သင်တန်းဆင်းမိန့်ခွန်းတွေမှာ မကြာခဏမှာကြားလေ့ရှိပါတယ်။
လက်ရှိနိုင်ငံအနှံ့စစ်ပူမိနေတဲ့ စစ်ကောင်စီတပ်ဟာ တိုင်းစစ်ဌာနချုပ် ၂ ခုလက်လွှတ်ထားရပြီး မြန်မာနိုင်ငံအလယ်ပိုင်းအထိ တိုက်ပွဲတွေဖြစ်ပွားလာကာ တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်သားအများအပြား သေဆုံးတာ၊ စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံရတာနဲ့ အလံဖြူ ထောင်လက်နက်ချပူးပေါင်းတာတွေ အများအပြားဖြစ်ပွားနေတာပါ။
နေပြည်တော်နဲ့အနီးအထိ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က စစ်ရေးလှုပ်ရှားမှုတွေ ရှိလာတာကြောင့် တောင်ညိုရုပ်သံထုတ်လွှင့်ရေးတပ်အပါအဝင် နေပြည်တော်အတွင်း စစ်ကောင်စီ တပ်အများအပြားရဲ့ထုတ်နှုတ်အင်အားတွေနဲ့ နေပြည်တော်အနီးတဝိုက်ကို အလှည့်ကျလုံခြုံရေးနဲ့ စစ်ကြောင်းထိုးသွားရောက်နေရတယ်လို့ နေပြည်တော်ရှိစစ်တပ်သတင်းရင်းမြစ်တဦးက ပြောပါတယ်။
ဓါတ်ပုံ - စစ်ကောင်စီထောက်ခံတယ်လီဂရမ်။
#မြေလတ်အသံ
#တောင်ညို #မြဝတီရုပ်သံ #နေပြည်တော် #စစ်ခေါင်းဆောင်
Share Share Share